မုဒုံမြို့တွင် ထိုင်းဘတ်ငွေ ၁၇၀၀ လက်ဝယ်တွေ့ရှိ၍ အမှုဖွင့်ထားမှုအား ဝေဖန်မှုများရှိနေ

မုဒုံမြို့တွင် ထိုင်းဘတ်ငွေ ၁၇၀၀ လက်ဝယ်တွေ့ရှိ၍ အမှုဖွင့်ထားမှုအား ဝေဖန်မှုများရှိနေ
 ထိုင်းနိုင်ငံသုံး ဘတ်ငွေစက္ကူများကို တွေ့မြင်ရစဉ်။

မော်လမြိုင် ဇန်နဝါရီ ၂၈ ။          ။ မုဒုံမြို႕နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရဘုရားသွားလမ်းဘေး၌ မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေရာ  မတွေ့ရှိရသော်လည်း ထိုင်းဘတ်ငွေ ၁၇၀၀ တွေ့ရှိမှု၍ အမှုဖွင့်အရေးယူခဲ့မှုအပေါ် ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

“ နိုင်ငံခြားငွေတွေ သောင်းနဲ့ချီ၊ သိန်းနဲ့ချီပြီးပါလာရင်တော့ ဒါကတော့ တစ်မျိုးပေါ့ဗျာ။ အခုဖြစ်စဉ်က မြေနိမ့်ရာ လှံစိုက်တဲ့သဘောနဲ့ ဥပဒေကြောင်းအရ နှိပ်ကွပ်တဲ့ ပုံစံမျိုးဖြစ်နေတဲ့သဘောလို ဖြစ်နေတယ်။ အဲဒီတော့ ဆင်ခြင်တုံတရားနဲ့ပဲ ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောဆိုသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်က လူနှစ်ဦးကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မူးယစ် ဆေးဝါး တစ်စုံတစ်ရာမတွေ့ရှိရဘဲ ၎င်းတို့ထံမှထိုင်းဘတ်ငွေ ၁၇၀၀ ဘတ် တွေ့ရှိခဲ့မှုအပေါ် ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“နေရာဒေသအပေါ်မှာ ပြန်ပြီးတော့ ဆင်ခြေသုံးသပ်သင့်တယ်။ ဆိုလိုတာက ကျွန်တော်တို့မှာ ရွှေ့ပြောင်း အလုပ်သမားတွေလည်း များတယ်။ ဒါတွေကို တင်းကြပ်စွာလုပ်တာမျိုးတော့ မဖြစ်သင့်ဘူး။ ကျွန်တော်တို့ သိထားတာက ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာအနေနဲ့ဆိုရင် လူတစ်ဦးကို ဒေါ်လာတစ်သောင်းစီ လက်ဝယ် ထားခွင့်ရှိတယ်ဆိုတဲ့ ဖြေလျော့မှုမျိုးပေးထားတယ်ဆိုတော့၊ အခုဖမ်းမိတယ် ဆိုတဲ့ ထိုင်းဘတ်ငွေတန်ဖိုးနဲ့ဆိုရင် ဘာမှ မပြောပလောက်တဲ့ ပမာဏလေးပဲ။ ဒါမျိုးတွေဟာ မလုပ်သင့်ဘူး။ မလုပ်သင့်တဲ့ အကြောင်းကိုလည်း တာဝန်ရှိတဲ့ ပြည်နယ်ရဲတပ်ဖွဲ့ကိုရော၊ ဥပဒေအကြံပေးမယ် ဥပဒေချုပ်တို့ကိုလည်း တိုင်ပင်ညှိနှိုင်းထားပြီးပါပြီ။ ပြည်နယ်ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်သူ ၂ ဦးကို အာမခံပေးထားတယ်။နောက် ဥပဒေအရာရှိရဲ့ အကြံပြုချက် ရယူပြီးတော့ ဖြေလျော့မှုမျိုးတွေ အတတ်နိုင်ဆုံးဆောင်ရွက်ပေးပါ့မယ်ဆိုပြီး ပြောလာပါတယ်။” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်နေသူ ရွှေ့ပြောင်းလုပ်သားများစွာ ရှိနေပြီး လုပ်ငန်းလိုအပ်ချက်ကြောင့် ထိုင်းဘတ်ငွေ ကိုင်ဆောင်သူများလည်း ရှိနေသည်။

" ဥပဒေ အကြောင်းအရတော့ အစ်ကိုတို့ သိမ်နားမလည်ပါဘူး။ ကိုယ့်ဒေသမှာ လုပ်စားလို့ အဆင်မပြေလို့ သူများ နိုင်ငံမှာ အလုပ်သွားလုပ်ကြတယ်။ ပွဲတော်ကာလ နီးလာရင် တော့ ကိုယ့်နိုင်ငံကို ခဏ အလည် ပြန်လာကြတာပဲ။ တချို့တွေက ပြန်သွားရင် အခက်အခဲဖြစ်မှာစိုးလို့ ထိုင်းဘတ်ငွေတွေ အနည်းငယ် သိမ်းထားတာလည်း ရှိတယ်။ ပြန်တက်သွားရင် အဆင်ပြေအောင်ပေါ့။ အများကြီးဆိုရင် တစ်မျိုးပေါ့။ အစ်ကိုဆိုရင် ခဏခဏသွားလာနေရတော့ လက်ထဲမှာတော့ တစ်ထောင်လောက်ကို အမြဲ ထား ထားရတယ်။ ဒါတွေကို တာဝန်ရှိတဲ့သူတွေက အရေးယူမှုတွေ လုပ်တာတော့ သိမ့်ပြီး ဘဝင်မကျသလိုပဲ"ဟု ပေါင်မြို့နယ်မှ ထိုင်းနိုင်ငံသို့ တစ်လတစ်ခါ အသွားအပြန်သွားလာနေသူတစ်ဦးကလည်း ဆိုသည်။

ရေးမြို ့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက“ထိုင်းနဲ့က သွားလိုက်ပြန်လိုက် လုပ်နေကြတာပဲ လေ။ Tourism လုပ်ငန်းကို ဖွံ့ဖြိုးအောင်လုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မဖြစ်သင့်ဘူးပေါ့။ မိတဲ့ ငွေကလည်း များများစားစားမဟုတ်ဘူး။ အဲဒီပမာဏက လူတိုင်းမှာ ရှိနိုင်တယ်။ ထိုင်းနိုင်ငံက ပြန်လာလို့ ပါလာတာလည်း ဖြစ်နိုင်သလို၊ ထိုင်းနိုင်ငံကို သွားဖို့ အဝင်အထွက် လွယ်ရအောင် ငွေလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။” ဟု ၄င်းက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်အပြည့်အစုံမှာ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန် ့က မွန်ပြည်နယ်၊ ရဲအကူတပ်ဖွဲ ့ခွဲ၊ မှုခင်းအကူဌာနစုမှ ရဲအုပ်ကျော်ဆန်း ဦးစီးအဖွဲ့သည် မုဒုံမြို ့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ယူ ရောင်းချနေကြောင်း သတင်းအရ အသွင်ယူသက်သေအဖြင့် မုဒုံမြို ့နယ် မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရဘုရားသွားလမ်းဘေး၌ အသွင်ယူဝယ်ယူစေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြားများ လာရောက်ပို့ဆောင် ရောင်းချသူဟု ယူဆရသော ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို ့၊ ရပ်ကွက် (၄) နေ ဆိုင်ကယ်တက္ကစီယာဉ်မောင်း ကိုသစ္စာ (၄၈) နှစ် (ဘ) ဦးမြအေး နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို ့၊ လဝန်းရပ်ကွက်နေ မအေးအေးသန်း (ခ) မဖြူဖြူဝင်း (၄၅) နှစ် (ဘ) ဦးမြအေး တို ့(၂) ဦးအား တွေ ့ရှိခဲ့သည်။

၎င်းတို့ကို ရှာဖွေရာ ကိုသစ္စာ ဝတ်ဆင်ထားသော DB စာတမ်းပါ ကာကီရောင် အနွေးထည်လက်ရှည်အကျႌ၏ ယာဘက်အပေါ် အိတ်ကပ်အတွင်းမှ ထိုင်းငွေစက္ကူ (၁၀၀) ဘတ်တန် (၃) ရွက်၊ ထိုင်းငွေစက္ကူ (၅၀) ဘတ်တန် ငွေစက္ကူ (၁) ရွက်၊ ထိုင်းငွေစက္ကူ (၂၀) ဘတ်တန် ငွေစက္ကူ (၂၀) ရွက်၊ စုစုပေါင်း ထိုင်းဘတ်ငွေ (၇၅၀) ဘတ် အားလည်းကောင်း၊ မအေးအေးသန်း (ခ) မဖြူဖြူဝင်း ၏ ယာလက်အတွင်းကိုင်ထားသော အနီရောင်သားရေ ပိုက်ဆံအိတ်ငယ်အတွင်းမှ ထိုင်းငွေစက္ကူ (၅၀၀) ဘတ်တန် ငွေစက္ကူ (၁) ရွက်၊ ထိုင်းငွေ စက္ကူ (၁၀၀) ဘတ် တန် ငွေစက္ကူ (၃) ရွက်၊ ထိုင်းငွေစက္ကူ (၂၀) ဘတ်တန် ငွေစက္ကူ (၈) ရက်၊ စုစုပေါင်း (၉၆၀) ဘတ်အား လည်းကောင်း ရှာဖွေတွေ ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ ရှာဖွေခြင်းမရှိသဖြင့် သက်သေများရှေ ့တွေ ရှာဖွေပုံစံဖြင့် သိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း ရဲမှတ်များအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံခြားငွေများ လက်ဝယ်တွေ ့ရှိသူ ကိုသစ္စာနှင့် မအေးအေးသန်း (ခ )မဖြူဖြူဝင်း တို့ (၂) ဦးပေါ် ဥပေဒအရ အရေးယူပေးပါရန် ရဲအုပ်ကျောင်ဆန်း က တိုင်တန်းမှုအား မုဒုံမြို ့မရဲစခန်းမှ (ပ) ၃၅၄/၂၀၁၉၊ နိုင်ငံခြားငွေ စီမံခန် ့ခွဲမှု ဥပဒေပုဒ်မ - ၄၂ ဖြင့် သတင်းချက်ရေးဖွင့်ကာ ရဲအုပ်ငြိမ်းချမ်းက  စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မဇ္ဈိမမှ သက်ဆိုင်ရာ ရဲစခန်းအား ဆက်သွယ်ကာ ထပ်မံသတင်းဖော်ပြသွား မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly