တရားမဝင် ခုတ်လှဲထားသည့် သစ်တန်ချိန် ၆၃ တန်ကို ဖမ်းဆီးရမိ

တရားမဝင် ခုတ်လှဲထားသည့် သစ်တန်ချိန် ၆၃ တန်ကို ဖမ်းဆီးရမိ
 ဓာတ်ပုံ - AFP

ဇန်နဝါရီ ၂၈ ။       ။ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း သစ်တောကြိုးဝိုင်းတစ်ခုကနေ တရားမဝင် ခုတ်လှဲထားသည့် သစ် တန်ချိန် ၆၃ တန်ကို သစ်တောအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တရားမဝင် ခုတ်လှဲထားသည့် ကျွန်းသစ်၊ သစ်မာများကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖြူးကုန်း သစ်တောကြိုးဝိုင်းမှ သစ်တောရဲ ပူးပေါင်းအဖွဲ့တစ်ခုက သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်ကစလို့ ပဲခူးရိုးမမှာ ဆယ်နှစ်တာကာလအတွင်း သစ်ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်း ကြောင်း အာဏာပိုင်တွေက သတ်မှတ်ပြဌာန်းထားတယ်ဆိုသော်ငြားလည်း ယခုလို တရားမဝင် သစ်ထုတ်လုပ်မှုတွေ ကတော့ ယင်းဧရိယာမှာ မကြာခဏဆိုသလို ပေါ်ပေါက်နေလျက် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ တရားမဝင် သစ် ၆၃ တန်သည် ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်အတွင်း ရှာဖွေဖမ်းဆီးရမိမှုဖြစ်ပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်း ခေါင်းဆောင်သော သစ်တောဝန်ထမ်းများ၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်တို့မှ သစ်တော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရှာဖွေဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်။

ဖမ်းဆီးရမိမှု အတိအကျမှာ တရားမဝင်ကျွန်းသစ်(၉၅)လုံး(၂၂.၀၁၆)တန်၊ ကျွန်းယောင်ခြမ်း(၁၀၈) ခြမ်း (၂၁.၀၆၄)တန်၊ ပျဉ်းကတိုးခွဲသား (၁)ချောင်း (၀.၁၁)တန်နှင့် ဖြူးမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်း အတွင်းမှ တရားမဝင်ကျွန်းသစ် (၅၈)လုံး (၁၅.၄၇၁)တန်၊ ကျွန်းယောင်ခြမ်း (၂၆)ခြမ်း (၅.၁၃၅) တန်၊ စုစုပေါင်း တရားမဝင် ကျွန်း/ ပျဉ်းကတိုး (၆၃.၇၉၆)တန် ဖမ်းဆီးရမိခဲ့ပါသည်ဟု သစ်တောဌာနမှ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် သစ်ခိုးထုတ်မှု အများအပြား ဖမ်းဆီးရမိနေပြီး ဇန်နဝါရီ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ နားယောကျေးရွာအနီး၊ တောအတွင်းသတင်းအရဝင်ရောက်ရှာဖွေစစ်ဆေးရာ တရားမဝင်ကျွန်းခွဲသား ၁၅၆ ချောင်း၊၂ ဒဿမ ၉၆၁၆ တန်နှင့် တရားမဝင်သစ်ခွဲစက်တစ်လုံးကို ပိုင်ရှင်မဲ့ ရှာဖွေဖမ်းဆီး ရမိခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly