မြန်မာပြည် မြောက်ဖျား - အပိုင်း ( ၈ ) { မြစ်ဆုံစီမံကိန်းအား လေ့လာခြင်း}

မြန်မာပြည် မြောက်ဖျား - အပိုင်း ( ၈ ) { မြစ်ဆုံစီမံကိန်းအား လေ့လာခြင်း}

ကျွန်တော် အရင်အပတ်တုန်းက မြစ်ဆုံရေကာတာဆောက်လုပ်မယ့် စီမံကိန်းဧရိယာကိုရောက်ခဲ့တာတွေနဲ့ ကျွန်တော်ရဲ့ စိတ်ခံစားမှု အချို့ကိုဖော်ပြခဲ့ပါတယ်။ နောက်တစ်ခါ မြစ်ဆုံစီမံကိန်း မြစ်ကြီးနားတာဝန်ခံနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေထဲက သူတို့ သဘောမတွေ့တဲ့အချက်တွေကို ကျွန်တော် နည်းနည်းလေး အမြည်းပေးခဲ့ပါသေးတယ်။ ဘာလို့ အမြည်းလေးပဲပေးရသလည်းဆိုတာကတော့ ကျွန်တော် ဆောင်းပါးကိုနိဂုံးချုပ်တဲ့အခါမှာ အဆုံးသတ်ကလေးဖော်ပြချင်လို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဟိုတယ်ရောက်တော့ မှောင်နေပါပြီ။ မြစ်ဆုံဟိုတယ်ဆိုတာ နိုင်ငံတကာအဆင့်မီဟိုတယ် တစ်ခုလိုပါပဲ။ ဟိုတယ်ရဲ့ ပိုင်ဆိုင်မှုကတော့ ကျွန်တော်လည်း သေသေချာချာ မလေ့လာနိုင်ခဲ့ပေမယ့် တရုတ်အပိုင်ချည်းပဲ မဟုတ်တာတောင် တရုတ်အမျိုးသားရှယ်ယာကတော့ ပါမယ်လို့ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဓာတ်လှေခါးစီးတာကအစ အသုံးအနှုံးအဆောင်အယောင်တွေက တရုတ်အငွေ့အသက်တွေကြောင့်ပဲဖြစ်ပါတယ်။ ခဏအနားယူပြီးရေချိုးကာ ညနေစာစားသောက်ဖို့ မြစ်ကြီးနားမြို့ထဲထွက်၊ ဂျပန်စတိုင် ဆူရှီဆိုင်တစ်ဆိုင်မှာ စားသောက်ကြပါတယ်။ ကျွန်တော့ကို တာဝန်ယူပြီး လိုက်ပို့တဲ့ မြစ်ဆုံစီမံကိန်း ရန်ကုန်ရုံးခွဲတာဝန်ခံကလည်း ကြားခံမြန်မာတစ်ယောက်က တစ်ဆင့် ဘာသာပြန်ပေးကာ စကားပြောကြတာကလည်း ခရီးသိပ်မတွင်ဘဲ ဖြစ်နေပါတော့တယ်။ တကယ်တန်းတော့ ခရီးမတွင်တာဘဲ ကျွန်တော်အဖို့ ခပ်ကောင်းကောင်းပဲ ဖြစ်နေပါတယ် ။ ဘာလို့လည်းဆိုတော့ သူတို့တွေ ကျွန်တော့ကို ဘာတွေဘယ်လိုပဲ လိုက်ပြလိုက်ပြ ၊ ဘာတွေဘယ်လောက်ပဲပြောပြော ကျွန်တော်ကို မျိုးချစ်နိုင်ငံရေးသမား တစ်ယောက်အဖြစ် သူတို့   သတ်မှတ်လိုက်ကြတာကို ကျွန်တော် သိလိုက်လို့ပဲ ဖြစ်ပါတော့တယ် ။ ဒါကြောင့်မို့လို့လည်း ကျွန်တော့ရဲ့ လက်ကျန်ခရီးစဉ်တွေကို ပယ်ဖျက်လိုက်တာပဲ ဖြစ်ပါတယ် ။

စားသောက်ကြပြီး ဟိုတယ်ပြန်အိပ်တဲ့အခါ ကျွန်တော် တော်တော်နဲ့ မအိပ်နိုင်သေးပါဘူး။ မနက်ကတည်းက ခရီးစဉ်ကို ပြန်လည်သုံးသပ်နေမိပါတယ်။ ကျွန်တော်တို့ဟာ မနက်ကစလို့ နံနက်စာစားပြီး၊ မြစ်ကြီးနားမြို့နယ် အောင်မြင်သာရွာမှာ SPIC က လှူတဲ့ လူနာတင်မော်တော်ယာဉ် ပေးအပ်ပွဲကို ရှေ့ဆုံးတန်းကနေ တက်ရောက် လေ့လာရပါသေးတယ် ၊ လူကြီးလိုလို ဘာလိုလိုနဲ့ပေါ့ ။ အောင်မြင်သာရွာဆိုတာ မြစ်ဆုံစီမံကိန်းမှာ ရေမြုပ်ဧရိယာ ဖြစ်ပေါ်မယ့်ရွာတွေကို ရွှေ့ပြောင်းထားပေးပြီး SPIC က ရွာအသစ်တည်ထားပေးတာပဲ ဖြစ်ပါတယ် ။ အိမ်ဝန်း၊ ခြံဝန်းတွေနဲ့ သပ်သပ်ခတ်ခတ် ကလေးဖြစ်ပါတယ်။ လျှပ်စစ်မီးကလည်း ၂၄ နာရီရပြီး ကြည့်ရတာလည်း စနစ်တကျရှိလှပါတယ်။ ကျွန်တော်တို့ ရောက်ရှိတဲ့နေ့အထိ SPIC ကုမ္ပဏီက အဲဒီတစ်ရွာလုံးကို ဆန်အစရှိသည်တို့ကို ထောက်ပံ့ပေးနေရတယ်လို့လည်း သိရပါတယ် ။ တွေ့တဲ့ရွာသား ၃ - ၄ ယောက်ကို မေးကြည့်တဲ့အခါမှာတော့ သူတို့ဟာ မူလရွာမှာပဲ နေချင်ကြောင်း၊ မူလရွာက ဖွံ့ဖြိုးမှု မရှိပေမယ့် တောထဲသွားပြီး တောကောင်တွေ ပစ်ဖမ်းရတဲ့ အလုပ်ကို ခုံမင်ကြောင်းပြောပါတယ်။ ရွာမှာတော့ ၀ါးကိုအခြေခံတဲ့ အိမ်တွင်းမှုလုပ်ငန်းတွေနဲ့ ၀ါးတူစက်ရုံတစ်ရုံလည်း တွေ့ခဲ့ပါတယ်။ ရွာနဲ့ မလှမ်းမကမ်းက စမ်းချောင်းလေးမှာတော့ အပန်းဖြေစခန်းလေး တစ်ခုအဖြစ် ဖန်တီးထားတာကိုလည်း တွေ့ရပါတယ် ။ အဲဒီလိုဖန်တီးပေးထားတာ ရွာကလူတွေ အလုပ်အကိုင်သစ်တွေကို ရစေပါတယ်၊ အလုပ်အားတဲ့ရက်တွေမှာ မြစ်ကြီးနားနဲ့ အနီးဝန်းကျင်က လူငယ်၊ လူကြီး၊ ကလေးပါမကျန် လာရောက်အပန်းဖြေ ဆော့ကစားနေတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ရေထဲမှာကစားတဲ့ မော်တော်ကားကျွတ်တွေငှားနေတဲ့ အောင်မြင်သာရွာက ၅ တန်းအရွယ် ကလေးတစ်ယောက်ကို မေးကြည့်ခဲ့ပါသေးတယ်။

သားတို့ အောင်မြင်သာရွာမှာ နေရတာပျော်ရဲ့လားဆိုတော့ - - မပျော်ဘူး . . တဲ့။ သားက ဘယ်မှာပျော်လည်းဆိုတော့ အရင်တုန်းကရွာမှာပဲပျော်တယ် . .တဲ့။သားရယ် အရင်ကရွာမှာက တောထဲတောင်ထဲမှာလေ ကျောင်းလည်းကောင်းကောင်း မရှိ ၊ ဖွံ့ဖြိုးတိုးတက်မှုလည်း မရှိ၊ လျှပ်စစ်မီးလည်းမရှိဘူးလေကွာ. .ဆိုတော့ . .သူက ဒီမှာနေရတာ မီးတော့ရှိတယ် စာကျက်ရတာ အဆင်ပြေတယ်၊ ဟိုမှာက ကစားလို့ကောင်းတယ်၊ တောထဲသွားရတာ ပျော်ဖို့ကောင်းတယ် . . တဲ့။

မြစ်ဆုံရဲ့ပတ်ဝန်းကျင်ဒေသက ရွှေ့ပြောင်းပြီးလို့ စီမံကိန်းကိုရပ်လိုက်တဲ့အခါ ပြန်ပြီး မူလရွာတချို့မှာ ပြန်လာနေကြတဲ့ ရွာသားတွေရှိပါတယ်။ အဲဒီအထဲက မြေးအရွယ်လေးကို ထိန်းကျောင်းနေတဲ့ အသက် ၇၀ ကျော် အမေအိုကြီး တစ်ယောက်ကိုတွေ့တော့ အမေရယ် အမေတို့ အောင်မြင်သာရွာမှာ နေရတာ မကောင်းဘူးလား၊ ဆေးရုံလည်းရှိတယ်၊ လျှပ်စစ်မီးလည်းရှိတယ်၊ အိမ်ကောင်းကောင်းနဲ့လည်းနေရတယ်၊ လမ်းတွေလည်းကောင်းတယ် . .ဆိုတော့ . . သူက . .မနေချင်ပါဘူး၊ ကိုယ်မွေးတဲ့နေရာမှာ ကိုယ့်မိသားစုနဲ့ပဲ သေတဲ့အထိနေချင်တယ် အဲဒီနေရာမှာပဲ ခေါင်းချချင်တယ်၊ တိုးတက်တာ ချမ်းသာတာ နားမလည်ဘူး . .တဲ့။ အဲဒီ အမေကြီးကတော့ ခပ်ပြုံးပြုံးနဲ့ပဲ သူ့ခေါင်းကို တွင်တွင်ခါကာ ကျွန်တော်ကို ပြန်ပြောပါတယ်။ ကျွန်တော်က ဓာတ်ပုံလေးရိုက်ပါရစေ လို့ ခွင့်ပန်တော့လည်း ရိုက်ခွင့်မပေးပါဘူး။ တစ်ချို့တော်တော်များများကို တီးခေါက်ကြည့်တော့လည်း အများစုက နေရာသစ်မှာ သိပ်ပြီးမနေချင်ကြပါဘူး။ သူတို့ဟာ ဖွံ့ဖြိုတိုးတက်တာထက် နေရာဟောင်းမှပဲ ဝမ်းဝနေရင် ကျေနပ်ကြတဲ့ အင်မတန်ရိုးသားတဲ့ တိုင်းရင်းသားတွေ ဖြစ်တယ်ဆိုတာ လက်တွေ့ပဲ ကျွန်တော် မြင်ခဲ့ရပါတော့တယ်။

ပုံမှာပြထားတဲ့အတိုင်းပါပဲ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ ကမ္ဘာနဲ့ယှဉ်တဲ့အခါ မီဂါပရော့ဂျက် ( mega project ) အမျိုးအစားဖြစ်လို့ စာရေးသူဟာ နိုင်ငံရေးသမားအချို့တွေနဲ့ရော၊ နိုင်ငံ့ခေါင်းဆောင်အချို့တွေနဲ့ရော ဆွေးနွေးကြည့်တဲ့အခါ ကျွန်တော်က လုပ်ခြင်းမလုပ်ခြင်းကို မပြောဘဲ တော်တော်များများက သဘောမတူတာ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ခေတ်အမှီဆုံးနည်းစနစ်တွေနဲ့ လုပ်မယ်ဆိုရင်တောင် နောက်ဆုံး ဒီမြစ်ဆုံစီမံကိန်းရဲ့ ပွင့်လင်းမြင်သာမှုကို ကြည့်ပြီးတော့မှ ဆုံးဖြတ်လို့ ရမှာဖြစ်ကြောင်း အားလုံးက သဘောတူကြတာတွေ့ရပါတယ်။ ဒါကလည်းရှင်းပါတယ် ၊ မြစ်ဆုံစီမံကိန်းကို ဘယ်သူက စလုပ်ခဲ့တာလည်း၊ ဘယ်အစိုးရနဲ့ သဘောတူခဲ့တာလည်း၊ စီမံကိန်းနဲ့ပတ်သက်လို့  ပြည်သူလူထူရဲ့ သဘောတူညီမှု ရယူရဲ့လား၊ တရုတ်နိုင်ငံနဲ့ ဘာတွေများ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာလည်း၊ သဘောတူတဲ့ အချက်တွေက ဘာတွေလည်း၊ ဘာတွေပေးပြီး ဘာတွေ ဘယ်လောက်ရလည်း၊ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အဖွဲ့မဟုတ်ဘဲနဲ့  ပြည်သူလုထုမသိလိုက်တဲ့ ဘယ်သဘောတူညီချက်ကိုမျှ ကျွန်တော်တို့ လက်ခံလို့ မရပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ပြည်သူတွေကိုယ်တိုင် ဒီမိုကရေစီအစိုးရဖြစ်ဖို့ လုပ်ဆောင်ခဲ့တာ အချီးအနှီးအဖြစ်မခံနိုင်ပါ။ ဒါ့ကြောင့် မြစ်ဆုံစီမံကိန်းရဲ့ ပွင့်လင်းမြင်သာမှုကို ကြည့်ပြီးတော့မှ ကျွန်တော်တို့ ပြည်သူတွေ ဆုံးဖြတ်လို့ ရမှာဖြစ်ကြောင်းကို ကျွန်တော်က SPIC ရဲ့ တာဝန်ခံတွေကို ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်က နိုင်ငံရေးသမား ဖြစ်နေလို့ပါပဲ။    ။ 

(အပိုင်း - ၉ -  ဆက်ပါဦးမည် )

သန့်ဇော် ( သန်လျင်)

Mizzima Weekly