စစ်ကိုင်းတွင် မြေစာပုံပြိုကျ၍ လူ(၃)ဦး သေဆုံး၊ (၁)ဦး ဒဏ်ရာရ

စစ်ကိုင်းတွင် မြေစာပုံပြိုကျ၍ လူ(၃)ဦး သေဆုံး၊ (၁)ဦး ဒဏ်ရာရ
ဓာတ်ပုံ-ပြည့်ဖြိုးအောင်

ဇန်နဝါရီ ၂၈ ရက် ။             ။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ကျော်တာကျေးရွာအုပ်စု တောင်ညိုရွာသစ် ရှင်သီဝလီ တောင်ခြေက ကျောက်ထုတ် လုပ်ငန်းတစ်ခုမှာ ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီအချိန်က မြေကမ်းယံပြိုကျပြီး (၃) ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဦးစီးမှူးက မဇ္ဈိမကို အတည်ပြုဖြေကြားပါတယ်။

" ကျောက်တူးရင်းနဲ့ မြေပြိုတာ သူတို့ ဗိုက်ပရေတာနဲ့ တူးပုံရတယ် ကျောက်တူးစက်အကြီးစားတွေတော့ မဟုတ်ဘူး။ အသေးစားတွေနဲ့တူးတာ။ မြေကလဲ နုတော့ စက်ကတုန်တဲ့ နှုန်းနဲ့ပြိုတယ်ထင်တယ်။ ကျွန်တော် ဒီကို မရောက်ခင်ကလည်း ဖြစ်ဖူးတယ်လို့ကြားတယ်။ တရားမဝင်တူးကြတာ အန္တရာယ်လို့ တားပေမယ့်လည်း ဒီဒေသမှာက သူတို့ စားဝတ်နေရေးအရ တူးနေကြတာပဲ။ ဒီနေ့တားရင် မနက်ဖြန်တူးတယ်။ လို့ မြို့နယ် မီးသတ်ဦးစီးမှုး ဦးငြိမ်းသူမှ ပြောသည်။

ကျောက်တူးနေချိန် မြေစာပုံပြိုကျကာ လူ (၄) ဦးနဲ့ ထော်လာဂျီနှစ်စီး မြေစာပုံပိနေတာကို မြို့နယ် မီးသတ်တပ်ဖွဲ့၊ စစ်ကိုင်းမြို့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေ အသက်ကယ်ဆယ်ဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် ခုလို သေဆုံးထိခိုက်မှုတွေ ရှိခဲ့တာပါ။

ရုပ်အလောင်းရှာဖွေမှုကို ဖြစ်ပွားချိန် မနက် ၈ နာရီမှ နေ့လည် တစ်နာရီခွဲအချိန်ထိ လူအင်အား ၇၀ နီးပါးနဲ့ စက်ယန္တရားတွေ အသုံးပြုကာ အချိန် (၅ )နာရီကြာ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ဘရွှေမင်းဝံရပ်ကွက်က အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဖြစ်ပြီး နောက်တစ်ဦးကတော့ အနောက်တောင်ညိုကျေးရွာက အမျိုးသားတစ်ဦးဖြစ်ပါတယ်။

ဒဏ်ရာများရရှိခဲ့တဲ့ ရွေမင်းဝံ ရပ်ကွက်က အမျိုးသားကိုတော့ မန္တလေး ပြည်သူ့ဆေးရုံးကြီးကို လွဲပြောင်းလိုက်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly