လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

စကားပြေအရေးအသားအကြောင်း ပြောကြတဲ့အခါ စကားပြေမှာရှိတဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေကို တစ်ခုမကျန် အသေးစိပ်သိပြီးမှ စကားပြေချရေးတာ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းကို မေးကြတာလည်းရှိပါတယ်။ အတိုချုပ်ပြီးပြောရရင်တော့ ဘယ်သူမှ အဲသလို စကားပြေရဲ့အခြေခံစည်းမျဉ်းတွေကို အသေးစိပ်သိပြီး စာချရေးကြတာတော့ မဟုတ်ပါဘူး။

ဥပမာ စာရေးဆရာတွေဟာ စကားပြေရဲ့အခြေခံစည်းမျဉ်းစည်းကမ်းတွေကို အသေးစိပ်တတ်သိပြီးမှ နားလည်ထားပြီးမှ စကားပြေဖြစ်တဲ့ ဝတ္ထုတွေ ဆောင်းပါးတွေ ရေးကြတာမဟုတ်ပါဘူး။ အဓိကကတော့ သူတို့ရေးတဲ့စာကို စာဖတ်သူတွေက အလွယ်တကူ နားလည်သွားဖို့ သူပြောချင်ပေးချင်တဲ့အကြောင်းအရာကို စာဖတ်သူက အပြည့်အဝခံစားနားလည်လို့ရအောင် အားထုတ်ရေးသားလိုက်တာပါပဲ။ ဒါပေမယ့် စာရေးဆရာဆိုသူတွေဟာ စာပေါင်းစုံကိုလေ့လာမှတ်သား ခံစားထားရှိပြီးသူဖြစ်တာရယ် စာဖတ်သူ နားလည်အောင်ဘယ်လိုရေးရမယ်ဆိုတာ အတွေ့အကြုံကော ဆည်းပူးလို့ရထားတဲ့ပညာကော ပေါင်းစပ်ထားရှိသူဖြစ်တာမို့ သူတို့ရေးတဲ့စာတွေကို စာဖတ်သူက အလွယ်တကူ နားလည်သွားကြတဲ့သဘောပါပဲ။

တစ်ခါ ကျနော်က ကဗျာတွေရေး စာတိုပေစလေးတွေရေးဆိုတော့ကာ မကြာခဏဆိုသလိုပဲ စာပေဝါသနာပါတဲ့လူငယ်တချို့ မြန်မာသဒ္ဒါအကြောင်း လာမေးကြတာလည်း ရှိပါတယ်။ ဒီတော့လည်း ကျနော်က ကဗျာတွေရေး စာတွေရေးနေတာတွေဟာ သဒ္ဒါကို သိလို့ သဒ္ဒါကို စာပေပညာရှင်လို့ စနစ်တကျ သိထားလို့ရေးနေတာမဟုတ်ဘဲ အတွေ့အကြုံပေါ်မူတည်ပြီးမှ ရေးနေခြင်းသာဖြစ်တဲ့အကြောင်း မြန်မာသဒ္ဒါဆိုတာ ပညာရပ်သပ်သပ်ဖြစ်တာမို့ မြန်မာစာပေပညာရှင်များ သဒ္ဒါကျွမ်းကျင်တတ််မြောက်သူများကိုသာမေးသင့်ကြောင်း ရှင်းပြရပါတယ်။
 
ဒါကြောင့်မို့ အခု လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာဆောင်းပါးတွေရေးတဲ့အခါ ကိုယ့်အတွေ့အကြုံအပေါ်မူတည်ပြီး သိရှိထာတဲ့အချက်တွေနဲ့ စကားပြေဆရာကြီးများရဲ့ စာအုပ်စာတန်းတွေကိုဖတ်ပြီး ကိုးကားပြီး ရေးနေခြင်းသာဖြစ်ကြောင်း ရှင်းပြရပါတယ်။ ဒါကြောင့်မို့ ပြောစကားတစ်ခုရှိပါတယ်။ စာရေးဆရာတိုင်း သဒ္ဒါကို တတ်သိနားလည်ထားသူရယ်လို့မဆိုနိုင်သလို စာပေပညာရှင်းတိုင်းလည်း ဝတ္ထုတွေ ကဗျာတွေ ရေးနိုင်စွမ်းရှိတယ်လို့ မဆိုနိုင်ကြောင်း ဆိုတဲ့စကားဟာ အမှန်ပါပဲ။

ဒါဖြင့်ရင် ဒီကနေ့ ကျနော်တို့ပြောနေတဲ့ စကားပြေအရေးအသားအမှားပြဿနာဆိုတာက ဘာကိုရည်ရွယ်ပြီးပြောနေတာလည်းဆိုတော့ လူငယ်တွေ စကားပြေကို အခြေခံစည်းမျဉ်းတွေနဲ့့အညီ စာမြန်မြန်နဲ့ မှန်မှန်ကန်ကန်ရေးတတ်ဖို့ ကူညီရှင်းပြတဲ့သဘောပဲဖြစ်ပါတယ်။ လူငယ်တွေအားလုံး စာရေးဆရာကြီးတွေဖြစ်လာဖို့ဆိုတဲ့အဆင့်အထိ ရည်ရွယ်ပြီး ပြောနေတာလည်းမဟုတ်ပါဘူး။ တကယ်တော့ စာရေးဆရာနဲ့ ကဗျာဆရာတွေဖြစ်လာဖို့ဆိုတာလည်း မဆိုင်ပါဘူး။ ဒါက သူ့ပါရမီ သူ့ကြိုးစားချက်နဲ့ သူ့တီထွင်မှုအပေါ်မူတည်ပြီးမှ ဖြစ်လာရတဲ့ကိစ္စပါပဲ။ စာရေးဆရာ ကဗျာဆရာဖြစ်လာဖို့ဆိုတာ သင်ယူလို့ရတာမျိုးလည်းမဟုတ်ပါဘူး။

ကဲ စကားပြေအရေးအသားဆက်ကြရအောင်ပါ။ပြီးခဲ့တဲ့အပိုင်းတုန်းက စာပုဒ်တစ်ခုရဲ့ နိဒါန်းပိုင်းကို ကျနော်တို့ပြောခဲ့ကြပါတယ်။ စာပုဒ်တစ်ခုမှာ နိဒါန်းပိုင်းဆိုတာရှိတဲ့အကြောင်း နိဒါန်းပိုင်းဟာ သူ့နောက်ကဆက်လာမယ့် စာပိုဒ်တွေအပေါ် စာဖတ်သူတွေ အလွယ်တကူဖတ်ရှုနားလည်နိုင်ဖို့ လမ်းခင်းတဲ့သဘော အနှစ်ချုပ်ပြောတဲ့သဘောဖြစ်တယ်လို့ ကျနော်တို့ပြောခဲ့ပါတယ်။ ဥပမာတချို့နဲ့လည်း ရှင်းပြခဲ့ပါတယ်။ ဒီကနေ့တော့ နိဂုံးပိုင်းဆိုတာကို ဆက်သွားကြဖို့ရှိပါတယ်။

စာတစ်ပုဒ်မှာ သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ဝတ္ထုတစ်ပုဒ်မှာ နိဒါန်းပိုင်းရယ်လို့ရှိသလို နိဂုံးပိုင်းဆိုတာလည်း ရှိပါတယ်။ ဒါဆိုရင် နိဂုံးပိုင်းဆိုတာ ဘာကိုပြောတာလည်း။

နိဂုံးပိုင်းအကြောင်းကို ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ကတော့ အခုလိုပြောပါတယ်။

“ နိဂုံးပိုင်းသည် စာကိုအနားပတ်သတ်ပေးသည့်အပိုင်းဖြစ်သည်။ စာ တစ်ပုဒ်လုံး၏ဆိုလိုချက်ကို ပဲ့တင်ထပ်ပေးရသည့်အပိုင်းဖြစ်သည်။ နိဂုံးပိုင်းကိုဖတ်ပြီးနောက် စာဖတ်သူ၏ အာရုံထဲတွင် စာတစ်ပုဒ်လုံး စည်းစည်းလုံးလုံးကျန်ခဲ့လျင် ထိုနိဂုံးသည် နိဂုံးကောင်းပင်ဖြစ်သည်ဟု သဘာရပါသည်။”

ဒါကတော့ နိဂုံးဆိုတာဘာဖြစ်တယ် နိဂုံးကောင်းတစ်ခုရဲ့အင်္ဂါရပ်ဆိုတာ ဘယ်လိုဖြစ်တယ်ဆိုတာ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ရှင်းပြထားတာပါ။ ဒါက စာတစ်ပုဒ်ရဲ့နိဂုံးပိုင်းကို ယေဘုယျခြုံငုံပြီး ပြောပြတာပါပဲ။ နိဂုံးပိုင်းရဲ့တာဝန်နဲ့ ဘယ်လိုနိဂုံးမျိုးက နိဂုံးကောင်းဖြစ်တယ်ဆိုတာ ဥပမာတချို့နဲ့ ဆွေးနွေးချင်ပါတယ်။
နိဂုံးချုပ်ပုံ နိဒါန်းရေးပုံက ပုံစံအမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အထက်ကပြောခဲ့တဲ့ ရေဘုယျအချက်နဲ့ ကင်းလို့မရပါဘူး။ အောက်ပါ နိဂုံးပိုင်းစာပိုဒ်ကို လေ့လာကြည့်ပါ။

…..သုံးလေးရက်မှ မိုးစပါးစိုက်ကွင်းကို ရေသွင်းခဲ့ပြီးပြီ။ အကွက်အတွင်း ရေဝင်ရေထွက်ကို တချိန်လုံးစောင့်ကြည့်ပြုပြင်ခဲ့သည်။ ကိုမောင်ခင်သည် နေ့စဉ်ပင် နံနက်စောစော အကွက်ထဲသို့ဆင်းခဲ့သည်။ ပေါက်တူးတစ်လက်နဲ့ ကန်သင်းရိုးများ ပြင်ခဲ့သည်။ တမန်းညက်အောင် ပြင်ခဲ့သည်။ စိတ်တိုင်းက တမန်းညက်အောင် ပင်ပမ်းကြီးစွာ စောင့်ကြည့်ပြုပြင်ခဲ့သည်။ ထို့နောက် စပါးကြဲခဲ့သည်။ သေချာသည်မှာ ကိုမောင်ခင်သည် မကြာတော့သောကာလတွင် စိမ်းစိုနေသော စပါးခင်းများကိုကြည့်ကာ ပီတိဖြာနေတော့မည်မှာ မြေကြီးလက်ခတ်မလွဲတော့မည်တည်း။….

ဒါကတော့ လယ်သမားကိုမောင်ခင်ရဲ့ ရှေ့ပိုင်းက သူ့ရဲ့နွေစပါးစိုက်ခင်း ပြုပြင်ခဲ့ရသည်များကို အကျဉ်းချုပ်ရေးပြပြီး သူ့ဝီရိယကြောင့် အကျိုးခံစားရတော့မည်ဖြစ်ကြောင်းနိဂုံးချုပ်ထားတဲ့ နိဂုံးပိုင်းရေးနည်းပါပဲ။

ကဲ ဒီနေရာမှာပဲ နိဂုံးပိုင်းအကြောင်းဆွေးနွေးချက်ကို ခဏရပ်နားလိုက်ပါတယ်။ နောက်နေ့တွေကြမှ နိဂုံးပိုင်းရေးနည်း ဆက်လက်ဆွေးနွေးပါအုန်းမယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပစွာရေးသားနိုင်ကြပါစေ။

 

Mizzima Weekly