မသန်စွမ်းအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့မှုအား ရေနံချောင်းတွင် အမှုဖွင့်အရေးယူ

မသန်စွမ်းအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့မှုအား ရေနံချောင်းတွင် အမှုဖွင့်အရေးယူ

မကွေး၊ ဇန်နဝါရီ ၂၇ ။           ။ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် မသန်စွမ်း အမျိုးသမီးငယ်(ပိုလီယို)တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူကို အမှုဖွင့် အရေးယူထားကြောင်း ရေနံချောင်းမြို့နယ် ညောင်လှ နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၃ ရက် နံနက် ၇ နာရီအချိန်တွင် ……ကျေးရွာအုပ်စု၊……….ကျေးရွာနေထိုင်သူ မိခင် ဖြစ်သူက နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ ပိုလီယိုရောဂါသည် (အရိုးအကြောမသန်၊ နားမကြားသူ) အား မတွေ့ရသဖြင့် အနီးဘေးပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

လိုက်လံစုံစမ်းရှာဖွေရာမှ သမီးဖြစ်သူသည် သပြေစမ်းကျေးရွာနေထိုင်သူတစ်ဦး၏ နေအိမ်တွင်ရောက်ရှိနေကြောင်း သိရှိရသဖြင့် နေထိုင်ရာအရပ်နှင့် ၂ မိုင်ခန့်အကွာဝေးရှိ သမီးဖြစ်သူရောက်ရှိနေသည်ဆိုသည့် နေအိမ်တွင် သမီးဖြစ်သူကိုသွားရောက်ခေါ်ယူ၍ ဖြစ်စဉ်အား မေးမြန်းခဲ့ကြောင်း သိရသည်။

သမီးဖြစ်သူသည် ဇန်နဝါရီလ ၂၂ ရက် ည ၉နာရီအချိန်တွင် ညီမဖြစ်သူနှင့်အတူ ဗုဒ္ဓပူဇနိယဘုရားပွဲ ဌေးမဟာ ဇာတ်ပွဲသို့ သွားရောက်ခဲ့ကြောင်း၊ဇန်နဝါရီလ ၂၃ရက် နံနက် ၁ နာရီအချိန်တွင် အိပ်ချင်သဖြင့် တစ်ယောက်တည်းပြန်လာခဲ့ကြောင်း၊ပြန်လာရာလမ်းကြောင်းတွင် ချိုင်းကျေးရွာအုပ်စု၊သပြေစမ်းကျေးရွာနေထိုင်သူဝေလု (ခ) ဝေလုကျော်က ကံရွာလေးကျေးရွာနှင့်သပြေစမ်းကျေးရွာ အကြားရှိ လူမနေသည့်တဲတစ်ခုအတွင်းသို့ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါ ကျူးလွန်သူ ထွက်ပြေးသွားပြီးနောက် အဆိုပါမိန်းကလေးငယ်ကို သပြေစမ်းကျေးရွာနေထိုင်သူတစ်ဦးက အိမ်တွင် ခေါ်ယူစောင့်ရှောက်ထားခဲ့ခြင်းဟု သိရသည်။

ညောင်လှနယ်မြေ ရဲစခန်းတွင် သမီးဖြစ်သူ ပိုလီယိုရောဂါသည်ကို အဓမ္မပြုကျင့်ခဲ့သူအား အရေးယူပေးရန် မိခင်ဖြစ်သူက ဇန်နဝါရီလ ၂၅ ရက်နေ့က လာရောက်တိုင်ကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေနံချောင်းမြို့နယ် ညောင်လှနယ်မြေရဲစခန်းက ဝေလု(ခ)ဝေလုကျော်(၂၀)နှစ်ကို ပအမှတ်(ပ)၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှူရေးဖွင့်ထားပြီး အမှူစစ်အဖြစ ်ရဲအုပ်စောမြင့်အောင်က စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly