တနင်္သာရီတိုင်းဝန်ကြီးချုပ် မောတောင်မြို့သို့ သွားရောက်၍ ဒေသခံများကို ကျန်းမာရေးစစ်ဆေးပေး

တနင်္သာရီတိုင်းဝန်ကြီးချုပ် မောတောင်မြို့သို့ သွားရောက်၍ ဒေသခံများကို ကျန်းမာရေးစစ်ဆေးပေး

မောတောင်၊ ဇန်နဝါရီ ၂၇ ။             ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် မြိတ်ပြည်သူ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး များအဖွဲ့မှ ဇန်နဝါရီ ၂၆ ရက်နေ့က မြန်မာ- ထိုင်း နယ်စပ်မြို့ ဖြစ်သော မောတောင်မြို့ရှိ ဒေသခံများအား ကျန်းမာရေးစစ်ဆေးပေးကာ ဆေးဝါးကုသမှုများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က“ မောတောင်မြို့မှာ ရှိတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေနဲ့လည်း တွေ့ဆုံရင် ပြည်သူတွေကို တတ်နိုင်သလောက် အကျိုးကျေးဇူးပြုနိုင်တဲ့လုပ်ငန်းကို စဉ်းစားကြည့်တဲ့အခါ မှာတော့ ဒီ ဆေးကုတဲ့လုပ်ငန်းကို ပြည်သူတွေကို တိုက်ရိုက် အကျိုးပြုနိုင်မယ်လို့ ယူဆတဲ့အတွက် ကျွန်မ ရောက်ရှိလာရခြင်း ဖြစ်တယ်”ဟု ပြောကြားသည်။

ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် မောတောင်မြို့သို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်ပြီး၊ ယင်း မြို့ရှိ နယ်စပ်လမ်းများ၊ ကုန်သွယ်ရေးဂိတ်များ၊ ထိုင်း- မြန်မာ နယ်စပ်ခြင်း ထိစပ်လျက် ရှိသည့် မြန်မာ နယ်စပ်စစ်ဆေးရေးဂိတ်ကိုလည်း ကြည့်ရှုခဲ့သည်။

 “ဒီ မြို့မှာ နေထိုင်ကြတဲ့ မိ/ဘ ပြည်သူတွေဟာ ကျန်းမာရေး တစ်ခုခု ဖြစ်လာခဲ့လျှင် ခရီးမိုင် ၁၀၀ ကျော်ရှိတဲ့ မြိတ်မြို့မှာ သွားရောက် ဆေးဝါး ကူသမှု ခံယူနေရာတာကြောင့် အရမ်းခက်ခဲပါတယ်၊ ဒီအတွက်ကြောင့် ကျွန်မ ပြောချင်တာက မောတောင်မြို့ဟာ နယ်စပ်ဂိတ် ဖြစ်တဲ့အတွက်ကြောင့်ပါ။ လူတစ်ယောက်မှာ ပါးစပ်ပေါကဟာ အရေးကြီးသလိုမျိုး နိုင်ငံ တစ်နိုင်ငံမှာလည်း နယ်စပ်ဂိတ်က အရေးကြီးဆုံးပါပဲ ဖြစ်ပါတယ်၊ ဒီအတွက် ကြောင့်မို့လို့ လူတစ်ယောက်မှာ ပါးစပ်ပေါက်က မကောင်းတဲ့ အရာလည်း စားနိုင်မယ်၊ ကောင်းတဲ့ အရာလည်း စားနိုင်သလို ကိုယ့်ကိုကိုယ် အဆိပ်ဖြစ်စေမဲ့ဟာလည်း စားနိုင်ပါတယ်၊ ဒီလိုမျိုး နယ်စပ်ဂိတ်ကလည်း မကောင်းတဲ့လူလည်း ဝင်လာနိုင်တယ်၊ ကိုယ့်နိုင်ငံကို ဒုက္ခပေးနိုင်တဲ့ သူလည်း မူးယစ်ဆေးဝါး သယ်ဆောင် လာတဲ့ လူတွေလည်း ဝင်လာနိုင်တယ်၊ ဘင်္ဂါလီတွေ ဝင်လာနိုင်တာကြောင့် အထူးအလေးထား စောင့်ကြည့် စစ်ဆေးပေးဖို့  ပြုလုပ်ကြရန် လိုတယ်”ဟု ဝန်ကြီးချုပ်က ဌာနဆိုင်ရာဝန်ထမ်းများကို မှာကြားခဲ့သည်။

လက်ရှိတွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အား NLD ဗဟိုသို့ တိုင်ကြားစာပေးပို့ခံထားရပြီး လတ်တလောတွင် ပါတီမှ တိုက်ရိုက်အကြောင်းထားခြင်း မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly