ရခိုင်ပြည်နယ်က အကြမ်းဖက်မှုများကို ရှုထောင့်သစ်ဖြင့် ချဉ်းကပ်ခြင်း

By နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG
26 January 2019
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုများကို ရှုထောင့်သစ်ဖြင့် ချဉ်းကပ်ခြင်း
Photo-EPA

ဇန်နဝါရီ ၂၄ ရက်

ရှုထောင့်သစ်ဆိုတာ ဘာပါလဲ။

မြန်မာနိုင်ငံ မြောက်ပိုင်း ရခိုင်ပြည်နယ် နယ်စပ်က ရဲကင်းစခန်းတွေကို AA တပ်ဖွဲ့က တိုက်ခိုက်တာကြောင့် ရဲ ၁၃ ဦး သေဆုံးခဲ့တာကြောင့် အစိုးရအနေနဲ့ တိုင်းရင်းသားရခိုင်သောင်းကျန်းသူတွေကို ‘ရှင်းလင်းရေး စစ်ဆင်ရေး’ ဆင်နွှဲဖို့ အမိန့်ပေးခဲ့ပါတယ်။ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတင်းမာမှုတွေကို ပြောင်းလဲပစ်ဖို့ ခက်ခဲ လိမ့်မှာ ဖြစ်သလို ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) ဒုက္ခသည်တွေ နေရာပြန်လည်ချထားပေးရေးမှာ ရှုပ်ထွေးစေတော့မှာ ဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ပွားရသလဲ။

၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားရခိုင်ပါတီက ရွေးကောက်ပွဲအနိုင်ရပေမယ့် ဒီပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစု NLD အစိုးရကို အုပ်ချုပ်ရေးတာဝန် ပေးအပ်ခဲ့ပါတယ်။ လူကြိုက်များတဲ့ ရခိုင်နိုင်ငံရေးသမားကိုလည်း နို်င်ငံတော်သစ္စာဖောက်မှုနဲ့ အစိုးရက ဖမ်းဆီး ထောင်ချခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ပျက်ပြားစေတဲ့ လုပ်ရပ်တွေပဲ ဖြစ်ခဲ့ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ။

ရခိုင်ပြည်နယ်မှာ ဆူပူအကြမ်းဖက်မှုတွေ မြင့်မားနေခြင်းဟာ ရေရှည်နိုင်ငံရေးပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး ဘင်္ဂါလီဒုက္ခသည်တွေရဲ့ နေရပ်ပြန်လာရေး မျှော်လင့်ချက်တွေကို ပါးလျစေပါတယ်။ ဒါ့အပြင်လည်း မြန်မာ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေကို အဟန့်အတား ဖြစ်စေပါတယ်။
ဘာလုပ်သင့်သလဲ။

စစ်တပ်၊ အစိုးရနဲ့ သောင်းကျန်းသူ လက်နက်ကိုင်တွေအနေနဲ့ သည်းခံစိတ်ကို မွေးမြူပြီး တိုင်းရင်းသား တင်းမာမှုတွေ ထပ်မဖြစ်လာအောင် စေ့စပ်ညှိနှိုင်းတဲ့ ဖြေရှင်းမှုကို ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံကလည်း စေ့စပ်ရေးစားပွဲဝိုင်းဆီ အားလုံးပါဝင်လာအောင် ဆောင်ကြဉ်းပေးသင့်ပါတယ်။ အစိုးရဟာ အဓိက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကိစ္စရပ်တွေမှာ ရခိုင်တိုင်းရင်းသား  ကိုယ်စားလှယ်တွေနဲပ ကနဦးဆွေးနွေးမှုတွေကို လုပ်ဆောင်သင့်ပါတယ်။

ခြုံငုံသုံးသပ်ခြင်း

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ တိုင်းရင်းသားရခိုင်အဖွဲ့ဖြစ်တဲ့ AA တပ်ဖွဲ့ဟာ ရဲကင်းစခန်းလေးခုကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၁၃ ဦး ကျဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေ မတိုင်ခင်မှာလည်း တိုက်ခိုက်မှု အငယ်စားတွေ ဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်မှု အနည်းအကျဉ်းသာ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းကို လမ်းဘေးဗုံးထောင် ဖောက်ခွဲမှုတွေလိုမျိုး တိုက်ခိုက်မှုတွေလိုမျိုး တိုက်ခိုက်မှုတွေကို AA က လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရဟာ AA အဖွဲ့ကို ‘ရှင်းလင်းရေး စစ်ဆင်ရေး’ ဆင်နွှဲဖို့ စစ်တပ်ကို ညွှန်ကြားခဲ့ပါတယ်။ ဝင်စီးနင်းခံရတဲ့ ရဲစခန်းတွေအနီးက ကျေးရွာတွေက ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ စစ်ဘေးရှောင် ထွက်ပြေးကြရပါတယ်။ ဒီတိုက်ခိုက်မှုတွေ ဖြစ်လာတာဟာ တိုင်းရင်းသားရခိုင်တွေရဲ့ မကျေနပ်ချက် တွေကြောင့် နိုင်ငံရေးကနေ အန္တရာယ်ရှိတဲ့ အရွှေ့အေပြာင်းအဖြစ် သောင်းကျန်းထကြွမှုဆီ ကူးပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဘင်္ဂါလီတွေ အမြောက်အမြား ထွက်ပြေးခဲ့ရပြီးတဲ့ ရခိုင်ပြည်နယ်အနေနဲ့ တိုင်းရင်းသားရခိုင်တွေနဲ့ အစိုးရကြား အရှိန်မြင့်လာတဲ့ တိုက်ပွဲတစ်ရပ်သား အရပ်သားအုပ်ချုပ်ရေးဆီ အသွင်ပြောင်းနေတဲ့ အစိုးရရဲ့ နိုင်ငံရေးကြိုးပမ်းမှုကို ရိုက်ခတ်နေစေမှာ ဖြစ်ပြီး အဆုံးသတ်ဖို့လည်း ခက်စေပါလိမ့်မယ်။ အားလုံးသော အုပ်စုတွေအနေနဲ့ ထိပ်တိုက်ရင်ဆိုင်ရေးကို ရှောင်ပြီး နိုင်ငံရေးလမ်းကြောင်းကနေ ရခိုင်တွေရဲ့ မကျေနပ်ချက်တွေကို အကောင်းဆုံးဖြေရှင်းကြဖို့ ဆွေးနွေးကြသင့်ပါတယ်။

၂၀၁၆-၁၇ မှာ ARSA အဖွဲ့ ပေါ်ထွက်လာခြင်းက မီးမောင်းထိုးပြနေတာဟာ ခွဲခြားဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်နဲ့ ဘင်္ဂါလီမွတ်စလင် ရှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးရတဲ့ ဖြစ်ရပ်တွေကိုပါ။ ဘင်္ဂါလီမွတ်စလင်တွေကို တစ်ခါတစ်ရံ ရန်လိုတတ်တဲ့ ရခိုင်တိုင်းရင်းသားတွေဟာ တိုင်းရင်းသားဗမာတွေ ထိန်းချုပ်တဲ့ ဗဟိုအစိုးရရဲ့ ဖိနှိပ်မှုကို မျိုးဆက်များစွာ ရင်ဆိုင်ခဲ့ရတယ်လို့ ခံစားချက် ရှိနေကြပါတယ်။ လူများစု ဗမာတွေနဲ့ ပတ်သက်ပြီး မကျေနပ်စိတ်တွေ ရှှိနေပါတယ်။

သမိုင်းအားဖြင့်တော့ ရခိုင်ဟာ သူတို့ရဲ့ နိုင်ငံရေးဆန္ဒတွေကို ဖော်ပြဖို့ အင်အားကောင်းတဲ့ တိုင်းရင်းသား သောင်းကျန်းသူအဖွဲ့ မပေါ်ထွက်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၄ က စတင်လို့ ရခိုင််ပြည်နယ်ရဲ့ ဒီကွက်လပ်ကို AA က ဖြည့်ဆည်းလာပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းက ရခိုင်ပြည်နယ်ရဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် ၂၀၁၆-၁၇ မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ARSA က တိုက်ခိုက်မှုတွေ၊ တိုင်းရင်းသားရခိုင်တွေရဲ့ ဦးဆောင်သူ ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန််းစုကြည်ရဲ့ NLD အစိုးရကြား နိုင်ငံရေးတင်းမာမှုတွေ စတဲ့ ဖြစ်စဉ်တွေဟာ ရခိုင်ပြည်နယ်မှှာ စစ်ရေးနဲ့ နိုင်ငံရေးအရ AA ကို ခြေကုပ်ယူစေဖို့ ခွင့်ပြုပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ရေးနေ့ တိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကတော့ ပြင်းထန်ပုံရပါတယ်။ မြောက်ပိုင်း ရခိုင်မှာ အသစ်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေဟာ ဘင်္ဂါလီဒုက္ခသည််တွေ နေရာပြန်လည်ချထားရေး မျှော်လင့်ချက်အတွက် ထပ်ဆင့်ထိုးနှက်ချက် ဖြစ်ပါလိမ့်မယ်။ မြန်မာစစ်တပ်က မကြုံဖူးတဲ့ တစ်ဖက်သတ် အပစ်ရပ်ရေး ကြေညာပြီး သီတင်းပတ်တွေအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် မျှော်လင့်ချက်တွေ ရှိလာခဲ့တာကို လွတ်လပ်ရေးနေ့တိုက်ခိုက်မှုက ဖျက်ဆီးလိုက်သလို ရှှိနေပါတယ်။

အပစ်ရပ်ရေး ကြေညာပေမယ့် ARSA ကို စစ်ဆင်ရေးတွေ ရှိနေတာကြောင့် ဒီအပစ်ရပ်ရေးမှာ ရခိုင်ပြည်နယ်က အကျုံးမဝင်ပါ။ ဒီလို အပစ်ရပ်ရေးမှာ ရခိုင်ပြည်နယ် မပါဝင်ပေမယ့် AA အဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် အစိုးရထံ ချည်းကပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ပွားလာတဲ့ တိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသားတွေနဲ့ ဗမာနိုင်ငံရေးပုဂ္ဂိုလ်တွေကြား တင်းမာမှုတွေက မြင့်တက် သွားခဲ့ပုံလည်း ရှိပါတယ်။ NLD အစိုးရက AA ကို အကြမ်းဖက်အဖွဲ့လို့ ချက်ချင်းကြေညာပြီး တုံ့ပြန်လိုက်တာဟာလည်း တင်းမာမှုတွေကို ပိုပြီးဆိုးဝါးစေရုံ သက်သက်ပဲ ဖြစ်ပါတော့တယ်။

စစ်တပ်အနေနဲ့ ဒီတိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်ပါတယ်။ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသလိုမျိုး မဖြစ်အောင် အရပ်သားတွေကို မထိခိုက်စေအောင် ရှောင်ရှားရမှာ ဖြစ်ပါတယ်။ AA အနေနဲ့လည်း စစ်တပ်ကို ဖြစ်စေ အရပ်သားတွေကို ဖြစ်စေ ထပ်ပြီး ရန်လိုမှုတွေကို လုပ်ဆောင်ခြင်း မပြုသင့်ပါ။

တရုတ်နိုင်ငံကလည်း ၎င်းရဲ့ သြဇာကို အသုံးပြုပြီး AA ရော၊ အစိုးရကိုပါ စေ့စပ်ရေးစားပွဲဝိုင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဆီ အရောက်ပံ့ပိုးပေးသင့်ပါတယ်။ ဒါအပြင်လည်း စစ်တပ်ရဲ့ တစ််ဖက်သတ် အပစ်ရပ်ရေးကို ရခိုင်ပြည်နယ်ကိုပါ ထည့်သွင်းဖို့ တိုက်တွန်းပေးရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ရခိုင်နိုင်ငံရေးပါတီတွေနဲ့အတူ လက်ရှိတင်းမာမှုတွေကို ဖြေရှင်းရေးနဲ့ အနာဂတ်နိုင်ငံရေး စိတ်ဆန္ဒတွေ အရေးကို အစိုးရက စေ့စပ်ဆွေးနွေးမှုကို ဦးစွာဖော်ဆောင်သင့်ပါတယ်။

၂။ ချိန်ထိုးကြည့်ခြင်း

ဇန်နဝါရီ ၄ ရက် နံနက် ခုနစ်နာရီ မထိုးခင်လေးမှာ AA ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးက နယ်ခြားစောင့်ရဲကင်း လေးခုကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးငယ် ကိုင်ဆောင်ထားတဲ့ AA အင်အား ၃၅၀ ဟာ ရဲကင်းစခန်းတွေကို ဝင်စီးနင်းရာ ရဲကင်းတွေဖက် အနည်းငယ်သာ ခုခံနိုင်ခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်တွေက ဖော်ပြပါတယ်။ ရဲကင်း စခန်းနှစ်ခု ကျဆုံးပေမယ့် ကျန်နှစ်ခုဟာ လက်နက်ကြီးနဲ့ လေကြောင်းစစ်ကူမှုနဲ့အတူ နာရီအတန်ကြာ ခုခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ နယ်ခြားအစောင့်တပ်နဲ့ စစ်ကူတွေ ရောက်လာတာကြောင့် AA တိုက်ခိုက်ရေး သမားတွေ တပ်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။ စီးနင်းတဲ့ AA တွေကြောင့် ရဲ ၁၃ ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။ လက်နက်အလက် ၄၀ နဲ့ ခဲယမ်းမီးကျောက် ၁၆၀၀၀ ကျော်ကို AA က သိမ်းပိုက် ရယူသွားပါတယ်။ တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့တဲ့ ရဲ ၁၄ ဦးနဲ့ အရပ်သား လေးဦးကိုလည်း AA က ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲစခန်းတွေဟာ တိုက်ခိုက်ခံရမယ်လို့ ခြိမ်းခြောက်မှုတွေ ရရှိထားပေမယ့် AA အနေနဲ့ ထိုးစစ်ကြီး တစ်ရပ်အတွက် အသင့်ဖြစ်နေပုံတော့ မရှိပါဘူး။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီတိုက်ခိုက်မှုကို ‘နောက်ကျောကို ဓားနဲ့ ထိုးတာ’အဖြစ် ပြောဆိုပါတယ်။ ARSA ကို ဘုံရန်သူအဖြစ် AA အနေနဲ့ ရှုမြင်သုံးသပ်ပြီး မွတ်စလင်အုပ်စု ARSA ကို ဟန့်တားနိုင်ရေး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မနှောင့်ယှက်မိဖို့ ပြောဆိုပါတယ်။

ဇန်နဝါရီ ၇ ရက်မှာ စစ်ဖက်အကြီးအကဲတွေနဲ့ အရပ်ဖက်တာဝန်ရှိသူတွေ စည်းဝေးဆုံးဖြတ်ပြီး AA ကို ပစ်မှတ်ထားတဲ့ ‘ရှင်းလင်းရေး စစ်ဆင်ရေး’ ဆင်နွှဲဖို့ အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။ ဒါဟာ NLD အစိုးရအတွက် စစ််ဆင်ရေးဆင်နွှဲဖို့ စစ်တပ်ကို လူသိရှင်ကြား အမိန့်ပေးတဲ့ ပထမဆုံး လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီ ဇန်နဝါရီ ၇ ရက် အစည်းအဝေးအပြီးမှာ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာကို ပြောရာမှာ သမ္မတ ဦးဝင်းမြင့်ဟာ အကြမ်းဖက်သူတွေကို ချေမှုန်းရေး စစ်တပ်ကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားရခိုင်တွေကြား AA ကို မယုံမကြည်ဖြစ်အောင် ကြိုးစားပုံရတဲ့ လုပ်ဆောင်ချက်အဖြစ် ဦးဇော်ဌေးဟာ AA ဟာ ARSA နဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ခြမ်းမှာ ၎င်းတို့နှစ်ဖွဲ့လုံး အခြေစိုက်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေရဲ့ နောက်မှာ ပြည်ပအင်အားတွေ ရှိနေတယ်လို့လည်း ရခိုင်ပြည်သူတွေကို သတိပေးပါတယ်။

အကြမ်းဖက်မှုတွေ ဆယ်စုနှစ်တွေချီ ဖြစ်ပွားမှာကို မြင်ချင်ကြသလား။ ကျွန်တော် AA ကို ထောက်ခံနေတဲ့ ရခိုင်ပြည်သူတွေကို ပြောချင်ပါတယ်။ ကိုယ်အတွက်ပဲ မစဉ်းစားကြပါနဲ့။ နောက်မျိုးဆက်တွေအတွက် စဉ်းစားပေးကြပါ။

ARSA ကို တိုက်ခိုက်ချိန်က အလားတူ ပြောဆိုမှုတွေ ရှိထားပေမယ့် AA လိုမျိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်နဲ့ ပတ်သက်ပြီး ဒီလိုအပြောမျိုးက ရှားရှားပါးပါးပါပဲ။ အစိုးရရဲ့ တုံ့ပြန်ချက်ဟာ တင်းမာမှုတွေ ရှိထားပြီးသား အခြေအနေကို ပင့််တင်ပေးလိုက်သလို ဖြစ်ပြီး ရခိုင်နဲ့ ဗမာအကြား တိုင်းရင်းသားရေးရာ အကွဲအပြဲ ပိုမိုဖြစ်လာကာ AA ကို ထောက်ခံတဲ့ တိုင်းရင််းသားရခိုင်တွေရဲ့ အသံလည်း ပိုကျယ်လောင်လာစေခဲ့ပါတယ်။ စစ်ရေးအရ တုံ့ပြန်ဖို့ အမိန့်ပေးတဲ့ မဟာဗျူဟာက အလွန် ဘေးများပါတယ်။ AA ကို ချေမှုန်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို အစိုးရအနေနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။
မြန်မာစစ်တပ်ဟာ ခြေလျင် တပ်ရင်းနှစ်ရင်းကို ပဋိပက္ခဇုန်ဆီ ပို့ဆောင်ခဲ့ပြီး ဘူးသီးတောင်မြို့နယ်က AA ယာယီစခန်းတစ်ခုကိုလည်း သိမ်းပိုက်ရရှှိပါတယ်။ ဇန်နဝါရီ ၅ ကနေ ၁၆ ရက်ကြားမှာ AA စစ်သား ၁၃ ဦးကို သုတ်သင်နိုင်တယ်လို့ စစ်တပ်က အတည်ပြုပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်က အကျအဆုံး သတင်းကိုတော့ မထုတ်ပြန်ပါဘူး။

နောက်ထပ်တိုက်ပွဲတွေ မျှော်လင့်ထားရပေမယ့် AA ဟာ ၎င်းရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ကျဉ်းမြောင်းလာပြီး ခြောက်သွေ့ရာသီကြောင့်လည်း နယ်မြေကျုံ့လာတာကြောင့် တပ်ဆုတ်ဖြစ်ဖို့ များပါတယ်။ စစ်တပ်ဖက်ကလည်း AA ကို ထောက်ပံ့မှုတွေကို ဖြတ်တောက်ဖို့ များများစားစား ဖမ်းဆီးမှုတွေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားလာဖို့ ရှိနေပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် ထပ်ဆင့်စိုးရိမ်စရာ ဖြစ်လာတာက ဇန်နဝါရီ ၁၆ ရက်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားပေါ်ပေါက်လာတာကြောင့်ပါပဲ။ ပထမက အဲဒီ ချုံခိုတိုက်ခိုက်မှုဟာ AA လက်ချက်ဖြစ်တယ်လို့ အပြစ်ဆိုပေမယ့် လူမှုမီဒီယာမှာ ဒီတိုက်ခိုက်တဲ့ ဗီဒီယို ထွက်ပေါ်လာပြီးနောက်မှာတော့ ARSA ရဲ့ တိုက်ခိုက်မှုလို့ ယူဆခဲ့တာါ။ တကယ်ပဲ ARSA တိုက်ခိုက်မှု ဖြစ်ခဲ့ရင် တစ်နှစ်ကျော်အတွင်း ဒီအုပ်စုရဲ့ ပထမဆုံး ပြန်လည်တိုက်ခိုက်လာမှုလည်း ဖြစ်ပါတယ်။

AA အဖွဲ့က တိုက်ခိုက်လာတာနဲ့ ပတ်သက်ပြီး အလုံးစုံ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ စစ်တပ်ရဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ ကြေညာတဲ့ စစ်တိုင်းငါးတိုင်းမှှာ ဧပြီ ၃၁ ရက်အထိ အပစ်ရပ် ကြေညာချက်ကြောင့် တိုက်ခိုက််မှုတွေ ကျုးလွန်လာတာလည်း ဖြစ်ဖွယ် ရှိပါတယ်။ အဆိုပါ စစ်တိုင်းငါးတိုင်းမှာ ARSA အပေါ် စစ်ဆင်ရေး ဆင်နွှဲနေတာကြောင့် ရခိုင်ပြည်နယ်တော့ မပါဝင်ခဲ့ပါ။

AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကတော့ ဒီရဲကင်းစခန်းတွေဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး AA ကို ဖြတ်လေး ဖြတ်နဲ့ တိုက်စစ်ဆင်နေရာမှာ ပါဝင်ခဲ့တာကြောင့် တိုက်ခိုက်ရတာလို့ ပြောပါတယ်။ AA ရဲ့ ဒီတိုက်ခိုက်မှု တွေဟာ ရခိုင်မှာ ခြေကုပ်ယူနိုင်ရေးနဲ့ ရခိုင်ပြည်သူတွေကြား ခိုင်မာတဲ့ ထောက်ခံမှုရရေးအတွက် ရည််ရွယ်ပုံ ရပါတယ်။

ဒါမှသာ လာမယ့် ဘယ်လိုသော ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုးမှာမဆို AA ရဲ့ အနေအထားကို အခိုင်အမာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ AA နဲ့ နီးစပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင်တဲ့ သတင်းရင်းမြစ်တစ်ရပ်ကလည်း အလားတူ ပြောဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က ရှုတ်ချချက် ထုတ်ပြန်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ အမြစ်တွယ်နေတဲ့ မကျေနပ်မှုတွေကို သိရှိပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ စေ့စပ်ဆွေးနွေးမှုတွေကပဲ ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြောဆိုပါတယ်။

တပ်မတော်ရဲ့ တစ်ဖက်သတ် အပစ်ရပ်မှုကို ရခိုင်ပြည်နယ်ကိုပါ ထည့်သွင်းဖို့လည်း အီးယူ ကိုယ်စားလှယ်တွေက တိုက်တွန်းပါတယ်။ တရုတ်နိုင်ငံကလည်း “ငြိမ်ချမ်းရေးနဲ့ တည််ငြိမ်ရေးအတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံကြောင်း” ဆိုပါတယ်။ ဆက်စပ်တဲ့ ပြဿနာ ကိစ္စရပ်တွေကို စေ့စပ်ညှိနှိုင်းခြင်း၊ တိုင်ပင်နှီးနှောခြင်းဖြင့် ဖြေရှင်းသွားဖို့လည်း တိုက်တွန်းပါတယ်။

စစ်ပွဲကြောင့် နေရပ်စွန့် ပြေးရတဲ့ အရပ်သား ဦးရေဟာလည်း တိုးများလာပြီး အနည်းဆုံး ၄၅၀၀ ခန့််ဟာ နေအိမ်တွေကို ပစ်လို့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။ အစိုးရနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းတွေနဲ့ ဒေသခံတွေက အကူအညီတွေ ပေးနေရပါတယ်။

ဇန်နဝါရီ ၁၀ ရက်မှာတော့ ရခိုင်ပြည်နယ်အစိုးရဟာ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ICRC နဲ့ World Food Programme မှလွဲပြီး ပြည်တွင်းပြည်ပ အင်န်ဂျီအိုတွေကို စစ်ပွဲဒဏ်သင့်ရာ မြို့နယ်ငါးမြို့နယ်ဆီ သွားလာခွင့် ပိတ်လိုက်ပါတယ်။ စစ်ရှောင်ပြည်သူတွေဆီ အစားအစာ ပေးပို့မယ့် ရခိုင်အင်န်ဂျီအိုတွေရဲ့ ကြိုးစားမှုကို စစ်တပ်က ပိတ်ပင်ထားကြောင့် ဌာနေမီဒီယာက ဖော်ပြပါတယ်။

၃။ တိုက်ရည်စွမ်းဆောင်မှု

အခု တိုက်ခိုက်မှုတွေဟာ AA ရဲ့ စစ်အင်အား ကြီးထွားလာမှုကို မီးမောင်းထိုး ပြနေပါတယ်။ တိုင်းရင်းသား ရခိုင်တွေကြား ထောက်ခံမှုကို ရရှိပြီး လှုဒါန်းမှုတွေ၊ စစ်သားသစ်အဖြစ် ဝင်ရောက်မှုတွေနဲ့ AA ဟာ အချိန်တိုအတွင်းမှာပဲ ကြီးထွားလာခဲ့ပါတယ်။

AA ဟာ ၂၀၀၉ ခုနှစ်က လိုင်ဇာက KIA ဌာနချုပ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ၁၉၉၄ ခုနှစ်မှာ KIA ဟာ စစ်အစိုးရနဲ့ အပစ်ရပ်ရေး လက်မှတ်ရေးထိုးခဲ့ပေမယ့် နောက် ၁၅ နှစ်မှာ အပစ်ရပ်ရေး သဘောတူညီမှုက တော်တော်လေး ပျက်ပြားခဲ့ပါတယ်။ KIA ဟာ အပစ်ရပ်ရေးအောက်မှာ လက်နက်ကိုင်ဆောင်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို မျှော်လင့်ပေမယ့် အစိုးရကတော့ စစ်တပ်ရဲ့ ကွပ်ကဲမှုအောက်က နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်လာရေး ဖိအားပေးနေခဲ့တာ ဖြစ်ပါတယ်။ KIA ဟာ ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေမှှာ အာမခံ ပေါ်လစီအနေနဲ့ ကြိုးကိုင်စစ်အုပ်စုနှစ်ရပ်ကို မွေးဖွားပေးလိုက်ပါတယ်။ AA နဲ့ Ta’ang National Liberation Army လက်နက်ကိုင်တပ်ဖွဲ့နှစ်ရပ်ဖြစ်ပြီး KIA ဟာ ၎င်းရဲ့ လက်နက်စက်ရုံက လက်နက်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။

AA ဟာ ၂၀၁၄ ဝန်းကျင်အထိ KIA နယ်ထဲမှာ ပဲ ရှိနေခဲ့ပြီး နောက်ပိုင်းမှာ တောင်ပိုင်းချင်းပြည်နယ်ကို ခြေဆန့် လာခဲ့ပါတယ်။ ဒီကမှ မြောက်ပိုင်း ရခိုင်ပြည်နယ်ထဲ စိမ့်ဝင်ရာ အစိုးရတပ်တွေနဲ့ ရင်ဆိုင် တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ AA စစ်သားတွေဟာ အစွန်အဖျား နယ်မြေတွေကနေ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေဆီ ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။

သမိုင်းရေးရာအရရော၊ မကြာသေးခင်က အဖြစ်သနစ်တွေအရပါ AA ကို ထောက်ပံ့ကြတဲ့ အကြောင်းရင်း ခံတွေလည်း များစွာ ရှိနေပါတယ်။ အတိတ်ရာစုနှစ်နဲ့ ချီတဲ့ လူများစု မြန်မာအပေါ် ရခိုင်တွေရဲ့ မကျေ မချမ်းစိတ်တွေ ရှိနေပါတယ်။ ၁၇၈၄ မှာ မြောက်ဦးဘုရင် နန်းချခံရမှုနဲ့ ဆင်းရဲတွင်းနက်နေတဲ့ ပြည်နယ်ကို ဗဟိုအစိုးရက မျက်ကွယ်ပြုထားပြီး နိုင်ငံရေး ကိုယ်ပိုင်စီရင်ပိုင်ခွင့် နည်းပါးခြင်းတွေကို အပြစ်ဆိုကြပါတယ်။

အများစုသော ရခိုင်တွေရဲ့ အမြင်မှာ မြန်မာတွေကို ပြည်နယ်တွင်းက ရခိုင်တွေထက် ပိုကြီးမားတဲ့ ရန်သူအဖြစ် ရှုမြင်ပါတယ်။ အစိုးရနဲ့ အများစုသော ဗမာနိုင်ငံရေးသမားတွေဟာ ဒီပြဿနာကို မသိကျိုးကျွန်ပြုတာ၊ ဖြေရှင်းလိုစိတ်မရှိတာတွေ ရှိနေပါတယ်။

နိုင်ငံတွင်းက အခြားတိုင်းရင်းသားအုပ်စုတွေထက် ရခိုင်နဲ့က စစ်ပွဲဖြစ်နိုင်ခြေက နည်းပါးပါတယ်။ အရင်က ရခိုင်မှာ အစိုးရနဲ့ လက်နက်ကိုင်ပဋိပက္ခ မရှှိခဲ့ပါ။ ဒီလိုအခြေအနေတွေက AA အတွက် အကျိုးအမြတ် ဖြစ်နေပါတော့တယ်။

NLD အာဏာရလာတာဟာ ရခိုင်လူထုရဲ့ မကျေနပ်ချက်တွေကို ပိုမိုဆိုးဝါးစေတာ သက်သက် ဖြစ်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက အစိုးရဟာ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နှီးနှောတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဆုံးဖြတ်ချက် ချမှတ်ရာမှာ ပါဝင်စေတာတွေ ရှိခဲ့ပါတယ်။ မဟာမိတ် ဖွဲ့နိုင်ရေးအတွက် စီးပွားရေးလိုက်လျောမှု မဟာဗျူဟာတွေလည်း ကျင့်သုံးခဲ့ပါတယ်။

ဆန့််ကျင်ဖက်အဖြစ် NLD အစိုးရဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်အမတ်နေရာ အများဆုံး အနိုင်ရတဲ့ Arakan National Party က တောင်းဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ငြင်းပယ်ခဲ့ပါတယ်။ ၂၀၁၆-၁၇ ARSA တိုက်ခိုက်မှုတွေ ဖြစ်ပြီး နောက်ဆက်တွဲ ဘင်္ဂါလီမွတ်စလင် ရှစ်သိန်း တိမ်းရှောင်ထွက်ပြေးရတဲ့ ဖြစ်ရပ်အပြီး ဗဟိုအစိုးရရဲ့ ပုံရိပ်ဟာ ရခိုင်ပြည်နယ်မှာ ကျဆင်းခဲ့ပါတယ်။

၂၀၁၈ က ဖြစ်ရပ် အချို့ကလည်း ရခိုင်တွေအတွက် စိတ်မကျေနပ်စရာပါ။ မြန်မာဘုရင်လက်အောက် နန်းကျခဲ့ရတဲ့ ရှေးဟောင်းရခိုင်နိုင်ငံတော် နန်းစိုက်ခဲ့ရာ မြောက်ဦးမှာ ဇန်နဝါရီ ၁၆ ရက်က ဆန္ဒပြအုပ်စုကို ရဲက ပစ်ခတ်ခဲ့လို့ ခုနစ်ဦး သေဆုံးပြီး တစ်ဒါဇင် ဒဏ်ရာရပါတယ်။ ရခိုင်ဘုရင် နန်းကျတဲ့ နှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်ဖို့ စီစဉ်ထားတာကို မြို့နယ်အာဏာပိုင်တွေကနေ ဖျက်သိမ်းရာက ဆန္ဒပြမှု ဖြစ်ပွားတာပါ။

နှစ်ရက်အကြာမှာ ရခိုင်က ဦးဆောင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ၊ တက်ကြွ လှုပ်ရှားသူ ဝေဟင်အောင်တို့ကို အမြင့်ဆုံး သေဒဏ်အထိ ပေးနိုင်တဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက် ဆန္ဒပြမှု မဖြိုခွင်းခင်မှာ ဒေါက်တာအေးမောင်က မြန်မာဟာ ရခိုင်ကို ကျွန်လို့ ထင်မှတ်ထားကြောင်း ပြောဆိုပြီး ရခိုင်ပြည်သူတွေအတွက် ပိုမိုအချုပ်အခြာ ပိုင်ဆိုင်ရေး လက်နက်စွဲကိုင်မှုကို ထောက်ခံကြောင်း ဖော်ပြခဲ့တာပါ။

ဒေါက်တာအေးမောင် ဖမ်းဆီးခံရတာနဲ့ Arakan National Party ရဲ့ ပါတီတွင်း တိုက်ပွဲတွေကြောင့် ခေါင်းဆောင်မှု မဲ့နေတဲ့နေရာကို AA က လျင်လျင်မြန်မြန်ပဲ ဖြည့်ဆည်းလိုက်ပါတယ်။ ရခိုင်တွေရဲ့ မကျေ နပ်ချက်တွေကို ဖြေရှင်းမယ့် နိုင်ငံရေးလမ်းကြောင်း ရှင်းရှင်းလင်းလင်း မရှိပေမယ့် အများစုသော ရခိုင််ပြည်သူတွေဟာ မြန်မာတွေရဲ့ ဖိနှိပ်မှုကို ထိထိရောက်ရောက် တန်ပြန်ဖို့ လက်နက်ကိုင်စွဲရေးကို ရှုမြင်ကြပါတယ်။

AA ဟာ ရခိုင်တွေရဲ့ မကျေနပ်ချက်တွေကို အွန်လိုင်းကရော၊ မြေပြင်ကပါ တက်ကြွလှုပ်ရှားမှုတွေနဲ့ ခြေကုပ် အားယူပါတယ်။ Arakan Dream 2020 ဆိုတဲ့ လူမှုမီဒီယာ လှုပ်ရှားမှုနဲ့ ရက္ခိတလမ်းစဉ်ဆိုတဲ့ စာတမ်းပါ တီရှပ်လှုပ်ရှားမှုတွေလိုမျိုး လုပ်ဆောင်ကြပါတယ်။ AA အုပ်စုဟာ လက်နက်စွဲကိုင် တော်လှန်ရေး ၎င်းတို့ရဲ့ စီမံကိန်းကို ချပြပါတယ်။

အုပ်စုရဲ့ ကြီးထွားလာတဲ့ စစ်အင်အားကို လူမှုမီဒီယာမှာ ဗီဒီယိုပို့စ်တွေ တင်ပါတယ်။ AA ကို စစ်တိုက် စွမ်းရည် ပေးတဲ့ စျေးကြီးတဲ့ လက်နက်တွေကိုပါ ချပြပါတယ်။ AA အဖွဲ့ဟာ အကြောက်တရားကိုလည်း နည်းဗျူဟာ တစ်ရပ်အနေနဲ့ အသုံးပြုပါတယ်။ မြို့အုပ်ချုပ်ရေးနဲ့ အခြားသော အစိုးရတာဝန်ရှိသူတွေကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ပါတယ်။

ဇန်နဝါရီ ၄ ရက် တိုက်ခိုက်မှုနဲ့ အစိုးရရဲ့ တုံ့ပြန်မှုဟာ AA အပေါ် မသိမသာ ထောက်ခံမှုကနေ ပိုမိုထောက်ခံမှုတွေဆီ တွန်းပို့စေပြီး ရခိုင်က လက်နက်ကိုင်ပဋိပက္ခကို အသွင်ပြောင်းသွားစေတယ်။

AA ဟာ ရခိုင်ပြည်နယ်အတွင်း လူသစ်စုဆောင်းမှုတွေကိုလည်း တက်တက်ကြွကြွလုပ်ဆောင်ပါတယ်။ အလုပ်အကိုင် ရရှိရေးအတွက် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်း အလုပ်ရှာကြရတဲ့ ရခိုင်ပြည်နယ်က လူငယ်တွေကို တပ်ဖွဲ့အတွင်း စုဆောင်းနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရန်ကုန်မှာ ရှိတဲ့ ကြီးမားတဲ့ ရခိုင် အသိုက်အဝန်းတွေဟာ AA တိုက်ခိုက််ရေးသမားတွေအတွက် အရေးကြီးတဲ့ ရင်းမြစ်နောက်တစ်ခုပဲ ဖြစ်ပါတယ်။ ရန်ကုန်က ရခိုင််ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ချို့နဲ့ ရခိုင်ပိုင် စီးပွားရေးလုပ်ငန်းအချို့ဟာ AA လူသစ်စုဆောင်းရာ ရုံးတွေ ဖြစ်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းတို့၊ မလေးရှားတို့မှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း AA ဆီ ငွေကြေး ပေးပို့မှုတွေ ရှိပါတယ်။ ရခိုင်က ဆွေမျိုးတွေကတစ်ဆင့် ဒါမှမဟုတ် တရုတ်နိုင်ငံက ဘဏ်အကောင့်တွေက တစ်ဆင့် ငွေကြေး ထည့်ဝင်နေကြပါတယ်။ ရခိုင်စီးပွားရေး သမားတွေဆီကလည်း AA ဟာ အလှူခံတာမျိုးလည်း ရှိပါတယ်။

မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အုပ်စု အားလုံးနီးပါးလောက်လိုပဲ AA ဟာ မူးယစ်ဆေးဝါး ကုန်ကူးမှု ကနေ အကျိုးအမြတ် ရနေဟန် ရှိပေမယ့် AA ကတော့ ငြင်းဆန်ထားပါတယ်။ ၂၀၁၆ စောပိုင်းမှာ AA တာဝန်ရှိသူတစ်ဦးကို ရန်ကုန်မှာ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ အစိုးရက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း စံချိန်တင် မက်သာဖီသမင်း ဆေးပြား ၂ ဒဿမ ၆၇ တန် ဖမ်းဆီးရမိမှုမှာ ရခိုင်ကုန်သည်တွေနဲ့ ချိတ်ဆက်နေတယ်လို့လည်း ဆိုပါတယ်။ မူးယစ်ဆေးဝါး အများစုဟာ ဘင်္ဂလားဒေ့ရှ်ဆီ ဦးတည်တာ ဖြစ်ပါတယ်။ ယာဘလို့လည်း သိကြတဲ့ မက်သာဖီသမင်းဆေးပြားတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်မှာ တွင်တွင်ကျယ်ကျယ် ရရှိလာတဲ့ အခြေအနေ ဖြစ်လာပါတယ်။ တစ်ချို့သော ဒေသတွေမှာ ယာဘအမှုန့်ကို အိတ်ထဲထည့်ပြီး ထင်ထင်ပေါ်ပေါ် ရောင်းချတာတွေတောင် ရှိပြီး စျေးအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၂၅ ဆင့်လောက်နဲ့တင် ရနိုင်နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၄ ရက် တိုက်ခိုက်မှုနဲ့ အစိုးရရဲ့ တုံ့ပြန်မှုဟာ AA အပေါ် မသိမသာ ထောက်ခံမှုကနေ ပိုမိုထောက်ခံမှုတွေဆီ တွန်းပို့စေပြီး ရခိုင်က လက်နက်ကိုင်ပဋိပက္ခကို အသွင်ပြောင်းသွားစေတယ်။ ရခိုင်အသိုင်းအဝန်းအနေနဲ့ ပဋိပက္ခနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို စိတ်ကုန်လာနိုင်လောက်ပေမယ့် ရေတိုကာလမှာ ဒီပဋိပက္ခမျိုးနဲ့ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် နိုင်ထက်စီးနင်းပြုကျင့်မှုတွေဟာ AA အပေါ် ထောက်ခံမှုတွေ ပိုမိုတိုးပွားစေစရာ အကြောင်းလည်း ဖြစ်ပါတယ်။

ရခိုင်နဲ့ မြန်မာကြားက စိတ်ဝမ်းကွဲပြားမှုက ပိုမိုဝေးကွာတဲ့ အစွန်းတွေဆီ ရောက်ရှိစေနိုင်ပါတယ်။ ဥပမာ အနေနဲ့ မဘသရဲ့ အထက်မြန်မာပြည် ရုံးခွဲက ဇန်နဝါရီ ၄ ရက် တိုက်ခိုက်မှုကို ရှုတ်ချပြီး ရခိုင်ရုံးခွဲကတော့ အစောပိုင်းနှစ်က မြောက်ဦးက ရခိုင်ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောဆိုခြင်းကို မေးခွန်းထုတ်ပါတယ်။ မြန်မာတွေနဲ့ နေ့စဉ်နဲ့အမျှဆိုသလို ထိတွေ့နေရတဲ့ ရန်ကုန်က ရခိုင်တွေတောင် လူများစု မြန်မာတွေအပေါ် မကျေမချမ်းနိုင်တာကို ထင်ထင်ပေါ်ပေါ် ပြသလာတယ်လို့ ရခိုင်ဂျာနယ်လစ်တစ်ဦးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

၄။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်နေရာချထားရေး

ဇန်နဝါရီ ၄ ရက် တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ၂၀၁၆ ကတည်းက ဘင်္ဂလားဒေ့ရှှ်ဖက်ကို တိမ်းရှောင်ထွက်ပြေးတဲ့ ဘင်္ဂါလီ ရှစ်သိန်းကျော်ကို ပြန်လည်နေရာချထားရေး အစိုးရရဲ့ အစီအစဉ်တွေအတွက် စိန်ခေါ်မှုသစ်ပဲ ဖြစ်ပါတယ်။ ရေရှည် တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အထူးသဖြင့် အစိုးရက ဖော်ဆောင်နေတဲ့ ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို သက်ရောက်မှု ဖြစ်စေပါမယ်။

ဒီညီလာခံတွေဟာ ၂၀၁၅ တစ်နိုင်ငံလုံး အပစ်ရပ်ရေးသဘောတူညီမှုမှာ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ စစ်တပ်၊ အစိုးရ၊ လွှတ်တော်အမတ်၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးကြပြီး ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ဖော်ဆောင်နိုင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူမူကြမ်း ရရှိရေး ရည်ရွယ်ထားပါတယ်။

အဆိုပါ ဆွေးနွေးပွဲတွေကို ခြောက်လတစ်ကြိမ် ကျင်းပခဲ့တာဖြစ်ပေမယ့် NLD အာဏာရပြီး သုံးနှစ်လောက် အတွင်းမှာ ခြောက်ကြိမ်ပဲ ကျင်းပထားတာပါ။ အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ်မထိုးထားတဲ့ AA တို့လို အဖွဲ့တွေက စောင့်ကြည့်သူအဖြစ် တက်ရောက်နိုင်ပါတယ်။

ဇန်နဝါရီ ၄ ရက် မတိုင်ခင်မှာ အခင်းအကျင်းသစ်တွေ ဖြစ်ထွန်းခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၎င်းရဲ့ စီးပွာရေး ရည်မှန်းချက်ဖြစ်တဲ့ ခါးပတ်နဲ့ လမ်းမကြီး လုပ်ငန်းစဉ်အတွက် ထောက်မအားဖြစ်ရန် တိုးတက်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ထွန်းရေးကို တွန်းအားပေးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်မှာ AA နဲ့ Ta’ang National Liberation Army တို့နဲ့အတူ တတိယအုပ်စုဖြစ်တဲ့ Kokang Myanmar National Democratic Alliance Army တို့က ၎င်းတို့အနေနဲ့ စစ်ရေးလုပ်ဆောင်မှုတွေကို ဆိုင်းငံ့ထားမှာဖစြ်ပြီး နိုင်ငံရေးပဋိပက္ခတွေကို စေ့စပ်ညှိနှိုင်းမှုတွေကနေ ဖြေရှင်းသွားလိုကြောင်း ပြောဆိုလာပါတယ်။ ဒီကမ်းလှမ်းမှုကို အစိုးရက ချက်ချင်း လက်ခံလိုက်ပြီး စစ်တပ်ကလည်း တစ်ဖက်သတ်အပစ်ရပ်ကို ကြေညာလို်ကပါတယ်။

ဒီအခင်းအကျင်းဟာ အရေးကြီးတဲ့ ရှေ့တိုးခြေလှမ်းဖြစ်ကြောင်း၊ အဆိုပါ အုပ်စုသုံးရပ်ဟာ လက်နက်စွန့်ရန် စစ်တပ်က ဖိအားပေးနေတာကြောင့် နှစ်အတန်ကြာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ အုပ်စုတွေ ဖြစ်ကြောင်း စောင့်ကြည့်အကဲဖြတ်သူတွေက ဆိုပါတယ်။

မြန်မာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အကြမ်းဖျင်းအားဖြင့် အုပ်စုနှစ်စု ခွဲနိုင်ပါတယ်။ ဒါကတော့ ၂၀၁၅ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီမှုမှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့နဲ့ လက်မှတ်ထိုးထားခြင်း မရှိတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ လက်မှတ်မထိုးထားတဲ့ အဖွဲ့မှာ AA အပါအဝင် ခုနှစ်ဖွဲ့ရှိပြီး Federal Political Negotiation and Consultative Committee အဖြစ် ညွန့်ပေါင်း ဖွဲ့စည်းထားပါတယ်။

ဒီညွန့်ပေါင်းအဖွဲ့တွင်းက အုပ်စုတွေဟာ စည်းလုံးညီညွတ်မှုကို ပြသပြီး ဇန်နဝါရီ ၄ ရက် တိုက်ခိုက်မှုကြောင့် AA ကို မပါဝင်စေရင်တောင် ကျန်အဖွဲ့တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖြစ်ဖို့ မရှိလောက်ပါဘူး။ အစိုးရအနေနဲ့ ရေရှည်မှာ AA အုပ်စုနဲ့ စေ့စပ်ညှိနှိုင်းဖို့က ရွေးချယ်စရာ အနည်းငယ်သာ ရှိပါတယ်။

AA အနေနဲ့ နောက်ထပ်တိုက်ခိုက်မှုတွေကို ရေတိုကာလမှာ ရှောင်ရှားဖို့ ဆန္ဒရှိမရှိကလည်း မကျိန်းသေးပါ။ AA ခေါင်းဆောင် ထွန်းမြတ်နိုင်အနေနဲ့လည်း နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်နိုင်ပါ။ AA အပေါ် ထောက်ခံမှုတွေ များများစားစား ရရှိထားတာ ယိုင်လဲသွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ထွန်းမြတ်နိုင်ရဲ့သဘောထားကြေညာချက်ကြောင့် အစိုးရအတွက်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေထဲ AA ကို ထည့်သွင်းဖို့ အခက်အခဲ ဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံလုံး အပစ် ရပ်ရေးဟာ တိုင်းရင်းသားလူနည်းစုနယ်မြေတွေမှာ ပိုမိုပြီး နို်င်ငံရေးအာဏာ ပေးပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးကို ရည်ရွယ်ထားပါတယ်။

ဒါပေမယ့် ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွက် confederate ပိုမိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုထားတာပါ။ ကာကွယ်ရေး၊ ကုန်သွယ်ရေးစည်းမျဉ်းချမှတ်မှုနဲ့ နိုင်ငံခြားရေးရာတွေက လွဲပြီး အလုံးစုံနီးပါး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၄ ရက် တိုက်ခိုက်မှုဟာ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီမွတ်စလင် ထောင်ပေါင်းများစွာကို ကာလရှည် ရပ်တန့်နေတဲ့ နေရပ်ပြန်လည်ချထားရေး စတင်ဖြစ်ဖို့ အစိုးရရဲ့ မျှော်လင့်ချက်ကို ပိုမိုရှုပ်ထွေးစေပါလိမ့်မယ်။

၅။ နိဂုံးကောက်ချက်

ဇန်နဝါရီ ၄ ရက် တိုက်ခိုက်မှုဟာ AA ရဲ့ ကြီးထွားလာတဲ့ စစ်တိုက်စွမ်းရည်နဲ့ ရခိုင်ပြည်သူတွေကြား ထောက်ခံမှု ရတာကို ဖြစ်ပေါ်စေခဲ့ပါတယ်။ တင်းမာမှုတွေ အရှိန်မြင့်လာရင် ပြည်နယ်ကို လက်နက်ကိုင်ပဋိပက္ခထဲ ဆွဲနှစ်စေမယ့် ဘေးအန္တရာယ်တွေလည်း ရှိနေပါတယ်။

တင်းမာမှုတွေကို တားဆီးရေးအတွက် AA ဖက်က နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဆောင်ဖို့ လိုအပ်သလို အစိုးရနဲ့ စစ်တပ်ကလည်း နိုင်ငံရေးနဲ့ စစ်ရေးအရ တုံ့ပြန်ဖို့ တိုက်တွန်းဆော်သြမှုတွေကို နားမဝင်ဖို့ လိုပါတယ်။ တင်းမာမှုတွေက AA ကို ထောက်ခံမှုတွေ ပိုများစေမှာ ဖြစ်သလို ရခိုင်နဲ့ မြန်မာလူများစုကြား တိုင်းရင်းသား စိတ်ဝမ်းကွဲမှုကို ပိုပြီး နက်ရှိုင်းစေပါမယ်။

စစ်တပ်အနေနဲ့က ‘ရှင်းလင်းရေး စစ်ဆင်ရေး’မှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး အရပ်သားတွေ ထိခိုက်မှာကို ရှောင်ရှားရပါမယ်။ အစိုးရကလည်း ကြားခံတွေကနေ AA ဆီ ချည်းကပ်ပြီး အခြားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ အဖွဲ့တွေက AA ကို စေ့စပ်ရေးစားပွဲဝိုင်းဆီ ခေါ်ဆောင်လာရေးကို တွန်းအားပေးရမှာ ဖြစ်ပါတယ်။ အားလုံးသော ပါဝင်သူတွေအနေနဲ့ တိုင်းရင်းသား တင်းမာမှုတွေကို ပိုမိုဆိုးဝါးစေမယ့် ပြောဆိုမှုတွေကို ရှောင်ရှားသင့်ပါတယ်။

တရုတ်နိုင်ငံဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ၂၀၁၈ တစ်လျှောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရုတ်ရဲ့ သြဇာကြီးထွားလာတာကို မြင်တွေ့နိုင်ပါတယ်။ ဒီဇင်ဘာလအတွင်းက တရုတ်ဟာ AA၊ Ta’ang National Liberation Army နဲ့ Myanmar National |Democratic Alliance Army တို့ရဲ့ အစည်းအဝေးတစ်ရပ် ကျင်းပဖြစ်ရေး ကူညီပေးခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ အစိုးရနဲ့ စေ့စပ်ညှိနှိုင်းရေး သဘောထားကို ဖော်ပြခဲ့ကြပါတယ်။

ရခိုင်နဲ့ တရုတ်အကြား ယဉ်ကျေးမှု ဆက်ဆံရေး နည်းပါးတာ၊ တရုတ်နယ်စပ်နဲ့ ရခိုင်ပြည်နယ်က ကွာဝေးတာတွေကြောင့် တရုတ်ရဲ့ AA အပေါ် ဖိအားပေးနိုင်စွမ်းက အကန့်အသတ် ရှိနိုင်ပါတယ်။ ဒါပေမယ့် ကချင်နဲ့ ဝလက်နက်ကိုင်တပ်တွေ အပါအဝင် AA ရဲ့ အဓိကမဟာမိတ်တွေကနေတစ်ဆင့် နောက်ကွယ်က သြဇာလွှမ်းမှုကို တည်ဆောက်နိုင်ပါတယ်။

အရေးကြီးဆုံးကတော့ အစိုးရဟာ ရခိုုင်နိုင်ငံရေးသမားတွေအပါအဝင် ရခိုင်ပြည်သူတွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးမှုတွေကို စတင်ဖို့ လိုအပ်ပါတယ်။ အနာဂတ် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတို့ကို ဆွေးနွေး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ဘင်္ဂါလီတွေ နေရပ်ပြန်လည်ချထားရေး လုပ်ငန်းစဉ်နဲ့ အသိုက်အဝန်း ပြန်လည်တည်ဆောက်ရေးတို့ပါ ပါဝင်ရပါမယ်။ ဗဟိုနဲ့ ပြည်နယ်အစိုးရကြား စီးပွားရေး လုပ်ငန်းစဉ်တွေနဲ့ အာာခွဲဝေမှုတွေကို ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

အပြုသဘောဆောင်သော ကောင်းမွန်တဲ့ ဆန္ဒသဘောထားကို ပြသရင်း စေ့စပ်ဆွေးနွေးပွဲကို စတင်ရမှာ ဖြစ်ပါတယ်။ ဒေါက်တာအေးမောင်နဲ့ အခြားသော တိုင်းရင်းသားရခိုင်နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားရာက ပြန်လွှတ်ပေးဖို့လည်း အစိုးရက စဉ်းစားသုံးသပ်ရပါတယ်။

နိုင်ငံရေးအရ ပါဝင်စေခြင်းကပဲ တိုင်းရင်းသားရခိုင်တွေရဲ့ ပုန်ကန်ထကြွမှု ထပ်ပြီး မကြီးထွားစေအောင် ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly