ဘူးသီးတောင်မြို့နယ်၌ ပုပ်ပွနေသော အမျိုးသားအလောင်းတစ်ခု တွေ့ရှိ

ဘူးသီးတောင်မြို့နယ်၌ ပုပ်ပွနေသော အမျိုးသားအလောင်းတစ်ခု တွေ့ရှိ

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ။            ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေ(၁၀)၊ အမှတ်(၂၃၄)ခြေလျင်တပ်ရင်း နောက်ကျောဘက် တပ် ခြံစည်းရိုးအပြင်ဘက် လက်ဝဲဒက်ပုဇွန်ချောင်း ချောင်းကမ်းစပ်၌ ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်၈ နာရီ ၃၀ မိနစ်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ နယ်မြေ(၁၀)၊ အမှတ်(၂၃၄)ခြေလျင်တပ်ရင်း၏ နောက်ကျောဘက် တပ်ခြံစည်းရိုးအပြင်ဘက်ရှိ လက်ဝဲဒက်ပုဇွန်ချောင်း ချောင်းကမ်းစပ်တွင် ပြင်ပဒဏ်ရာမရှိဘဲ ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး (စိစစ်ဆဲ)၏ အလောင်းအားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါအလောင်းကို ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ သက်ဆိုင်ရာက ပို့ဆောင်ခဲ့ပြီး တောင်ဘဇာနယ်မြေ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၉)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၄ရက်က နယ်ခြားစောင့် ရဲကင်းလေးခု တိုက်ခိုက်ခံခဲ့ရပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်း ရွာ အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ အလယ်ချောင်းကျေးရွာ ဒေသခံများအနေဖြင့် ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရမှုများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly