ပေါင်မြို့နယ်မှ ထွက်ရှိသော နတ်မြှားပင်များကို ကုန်ကြမ်းအတိုင်း ပြည်ပသို့ တင်ပို့

ပေါင်မြို့နယ်မှ ထွက်ရှိသော နတ်မြှားပင်များကို ကုန်ကြမ်းအတိုင်း ပြည်ပသို့ တင်ပို့

ပေါင် ဇန်နဝါရီ ၂၆ ။          ။ မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ တောင်ကြောတစ်လျှောက်တွင် ပေါက်ရောက်သော သဘာဝပေါက်ပင် တစ်မျိုးဖြစ်သည့် နတ်မြှားပင်များကို နေပူခံအခြောက်လှန်းကာ ကုန်ကြမ်းအတိုင်း ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း နတ်မြှားပင်ရောင်းဝယ်ရေးဒိုင် လုပ်ကိုင်သူများထံမှ သိရသည်။

 နတ်မြှားပင်များကို ယခင်က နတ်မြှားတံမြက်စည်း အဖြစ် ပြည်တွင်းအသုံးပြုရန်နှင့် jပည်ပတင်ပို့ရန်အတွက် အသင့် ပြုလုပ်ကာ တင်ပို့ခဲ့ကြသော်လည်း ယခုအခါတွင် ကုန်ချောတံမြက်စည်းအဖြစ် တင်ပို့ခြင်းမပြုတော့ဘဲ သဘာဝအတိုင်း ခုတ်ယူပြီး နေလှန်းကာ ကုန်ကြမ်းအတိုင်း ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ပေါင်မြို့နယ်မှ နတ်မြှားပင်ရောင်းဝယ်ရေးဒိုင် ဒေါ်ခိုင်ခိုင်လွင်ထံမှ သိရသည်။

 “ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကဆိုရင် တစ်နိုင်တစ်ပိုင်လေး တံမြက်စည်းပြုလုပ်ဖို့ အတွက်ပဲ ဝယ်ကြတာပေါ့။ နောက်ပိုင်းကြတော့ ကျွန်မတို့အိမ်ရှေ့မှာ နေလှန်းထားတာကို အဝယ်ဒိုင်ကြီးတွေက တွေ့တော့ သူတို့တွေ ပါကစ္စတန်နိုင်ငံနဲ့ အခြားနိုင်ငံ ၃ နိုင်ငံလောက်ကို ကုန်ကြမ်းအတိုင်း ပို့တယ်လို့တော့ ပြောကြတယ်။ စောင်တွေ လုပ်ဖို့အတွက် ကြိတ်တယ်၊ ကားကူရှင်တွေ၊ ဆိုင်ကယ်ကူရှင်တွေ လုပ်ဖို့ပြောတယ်။ အခြားပစ္စည်းတွေလည်း လုပ်တယ်လို့လည်းပြောပါတယ်။ အဲကနေစပြီးတော့ ကျွန်မတို့ နတ်မြှားပင်အစိုကို စပြီး စုဆောင်း ဝယ်ယူတာပေါ့။ သူတို့ဘက်ကလည်း အရင်းအနှီးလိုရင်လည်း ကြိုထုတ်ပေးတာမျိုးလည်း ရှိတာပေါ့။ ကိုယ်လုပ်ကိုင်တဲ့ အနေအထားပေါ်မူတည်ပြီး သူတို့က ၁၀ သိန်းအောက်လား ၁၀ သိန်းအထက်လား ထုတ်ပေး တယ်။ နောက်ပိုင်းကြတော့ ဒေသခံတွေက တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြပါတယ်။”ဟု ၄င်းက ပြောသည်။

 ပြည်ပပို့ကုန်ပိတ်ထားသည့်အချိန်များတွင် ကြုံခဲ့ပါက အရင်းအနှီးဆုံးရှုံးမှုများရှိသဖြင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင်လည်း ပြည်ပပို့ကုန်ဖွင့်ထားသည့်အတွက် စျေးကောင်းရရှိလိမ့်မည်ဟု မျှော်လင့်နေရ ကြောင်း ဒေါ်ခိုင်ခိုင်လွင် က ပြောသည်။

 သဘာဝအလျှောက်ပေါက်သော နတ်မြှားပင်များကို ဇင်းကျိုက်တောင်၊ တောင်ရှေ့တခွင်၊ ကုလားမတောင် တခွင် တွင် ဇန်နဝါရီလမှ မတ်လအထိသာ ခုတ်ယူနိုင်ပြီး အဆိုပါနေရာများမှ နတ်မြှားပင်များကို ဒေသခံများက မိသားစုအလိုက် တောင်ပေါ်သို့ သွားရောက်ရှာဖွေခုတ်ယူလာသည့် အပင်စိမ်းများကို တိုက်ရိုက်ရောင်းချခြင်း နှင့် ကိုယ်တိုင်နေလှမ်းပြုပြင် စည်းနှောင်ပြီးမှ ရောင်းချသူများရှိသည့်အတွက် ဒေသခံများမှလည်း မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

 “ ပထမဆုံးလမှာဆို ပိုပြီးအထွက်များတယ်။တစ်ရွာလုံးပဲ တက်ခုတ်ကြတာပဲ၊ ခြုံတိုးပြီး ရှာရတာလည်းရှိတယ်။ ကျွန်တော်နဲ့ သမီးက တစ်တွဲ၊ သားနဲ့ သူ့အမေက တစ်တွဲ ခွဲပြီး ရှာဖွေခုတ်ယူကြတယ်။တစ်ချို့ရက်တွေဆို ကိုယ်သွားတဲ့ နေရာက အပင်များရင်တော့ မိသားစု ၄ ယောက်ဆိုရင် အပင် ၇၀၀၀ ခန့် ထမ်းနိုင်သလောက် ခုတ်ယူကြတယ်။ တစ်ချို့ရက်တွေဆို အပင်နည်းတဲ့ နေရာရောက်သွားရင် အချိန်ကုန်တာပေါ့။ နည်းနည်းပဲ ရပြန်လာတယ်။” ဟု ပေါင်မြို့နယ် မှ မိသားစုအလိုက်နတ်မြှားပင် ရှာဖွေခုတ်ယူသူ ဦးကောင်းတင့်ဆန်း က ပြောပြသည်။

 ယခုနှစ်ပေါက်စျေး နတ်မြှားပင်အစို တစ်ပင်လျှင် ၃ ကျပ်ဖြင့် ဝယ်ယူရကာ ရန်ကုန်စျေးကွက်သို့ တင်ပို့ ရောင်းချပါက တစ်ပင်လျှင် ၅ ကျပ် ဝန်းကျင်ခန့်ရှိကြောင်း စျေးကောင်းပေးသည့်နှစ်များတွင် တစ်နှစ်အတွင်း အရင်းအနှီးငွေကျပ်သိန်း ၁၀၀ ရင်းနှီးပါက ကျပ်သိန်း ၄၀ ဝန်းကျင်ခန့် အမြတ်အစွန်းများ ရရှိနိုင်ကြောင်း အဝယ်ဒိုင်များထံမှ သိရသည်။

မွန်ပြည်နုယ်မှ ထွက်ရှိသော နတ်မြှားများအပြင် ကရင်ပြည်နယ်၊ တောင်ငူ၊ ရေး၊ မြိတ်၊ ထားဝယ် အစရှိသည့် ဒေသများမှ ထွက်ရှိသော နတ်မြှားပင်များကိုပါ ပြည်ပသို့ တင်ပို့ရောင်းချလျှက်ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly