ချောက်တွင် ဆီတင်စက်လှေတစ်စီး မီးလောင်

ချောက်တွင် ဆီတင်စက်လှေတစ်စီး မီးလောင်

မကွေး၊ ဇန်နဝါရီ ၂၆ ။            ။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့အမှတ်(၁)ရပ်ကွက် ရေအိုးဇဉ်ရပ် ဧရာဝတီမြစ်ဇီးတောဆိပ်တွင် ဆီပေပါများ တင်ဆောင်ထားသည့် စက်လှေတစ်စီးသည် ဇန်နဝါရီ ၂၅ ရက်ည ၇ နာရီဝန်းကျင်ကမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက်ည ၇ နာရီဝန်းကျင်ခန့်တွင် ဇီးတောဆိပ်(ချောက်-လမ်းရွာ ဇက်ဆိပ်)ကမ်း၌ ကိုဘိုဟိန်း မောင်းနှင်လာသည့် သံခွန်စက်လှေ အမျိုးအစားသည် ရေနံချက်၊ဒီဇယ်ပေပါ(၃၉)လုံး၊ အလွတ်ပေပါ (၄၀)လုံး တို့ကို စက်လှေပေါ်မှ ဘောက်ဆာယာဉ်ပေါ်သို့ (ယာဉ်အမျိုးအစားယာဉ်အမှတ် စုံစမ်းဆဲ) ပန့်ဖြင့်မောင်းတင်နေစဉ် ၎င်းပန့်မှ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ခဲ့ကြောင်း ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီး ဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှု ကြောင့် ပေပါ ၉ လုံးပွင့်ထွက် ဆုံးရှုံးခဲ့ပြီး မီးသတ်မှ ယာဉ် (၅)စီးဖြင့် မိနစ်(၂၀)ခန့် မီးငြိမ်း သတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးစိုးညွှန့်က ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် တန်ဖိုး (၁၁)သိန်းကျော် ဆုံးရှုံးခဲ့ရပြီး စက်လှေမောင်း ဘိုဟိန်းကို ချောက်မြို့မရဲစခန်း မှ (ပ) ၂၀/ ၂၀၁၉ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly