အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမတိုင်မီ စီရော်နယ်လ်ဒိုရဲ့ နာမည်ကြီးသွင်းဂိုးရုပ်သံမှတ်တမ်းကို ပြသခဲ့ကြောင်း ဆိုးလ်ရှား ထုတ်ဖော်ပြော

အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမတိုင်မီ စီရော်နယ်လ်ဒိုရဲ့ နာမည်ကြီးသွင်းဂိုးရုပ်သံမှတ်တမ်းကို ပြသခဲ့ကြောင်း ဆိုးလ်ရှား ထုတ်ဖော်ပြော
Photo: EPA

ဆိုးလ်ရှားက အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမတိုင်မီ မန်ချက်စတာယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေ သွင်းပြီး အနိုင်ယူခဲ့ဖူးတဲ့ ရုပ်သံမှတ်တမ်းတွေကို သူ့ရဲ့ ကစားသမားတွေကို ပြန်လည်ပြသခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆန်းချက်ဇ်၊ လင်ဂတ်နဲ့ မာရှယ်လ်တို့ဆီက ဂိုးတွေနဲ့ အာဆင်နယ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ပဥ္စမအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ဆိုးလ်ရှားက တန်ပြန်တိုက်စစ်ဟာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ဖို့ ယူနိုက်တက်ရဲ့ ပွဲကြိုပြင်ဆင်မှုရဲ့ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး အာဆင်နယ်ပွဲမတိုင်မီ ၂၀၀၉ ချန်ပီယံလိဂ်တုန်းက ယူနိုက်တက်အတွက် တန်ပြန်တိုက်စစ်ကနေ စီရော်နယ်လ်ဒို သွင်းယူခဲ့ပုံကို သူ့ရဲ့ အသင်းသားတွေကို ပြသခဲ့တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။

"ကျနော်တို့ ခံစစ်ကို ကြိုးစားကစားခဲ့ပြီး တန်ပြန်တိုက်စစ်ကစားဖို့ ပြင်ဆင်ခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကစားတာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အရည်အသွေးပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရွန်နီ၊ စီရော်နယ်လ်ဒိုနဲ့ ပက်ဂျီဆန်တို့ရဲ့ တန်ပြန်တိုက်စစ်တွဲလုံးတွေကနေ ကျနော်တို့ အာဆင်နယ်ကွင်းမှာ ဂိုးတွေအများကြီး သွင်းခဲ့ပါတယ်။

ဒီနေ့ဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ကို တက်လှမ်းလိုက်တာပါပဲ။ စပါးနဲ့ပွဲကနေ ထူးခြားတဲ့ တိုးတက်လာမှု တစ်ခု ရရှိစေခဲ့ပါတယ်။ အနာဂတ်အကြောင်း ပြောရတာ စိတ်လှုပ်ရှားရတာ လွယ်ပါတယ်။ ဒါပေမယ့် ကျနော်တို့
ဆက်ပြီး ကြိုးစားရင်း လာမယ့်ပွဲအကြောင်းပဲ စဉ်းစားပါတယ်။"လို့ ဆိုးရှားလ်က BBC Sport ကို ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ ယာယီနည်းပြ ဆိုးလ်ရှားလက်အောက်မှာ ပြိုင်ပွဲစုံမှာ ၈ ပွဲမှာ သရေ၊ ရှုံးပွဲမရှိ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘန်လေအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး တကယ်လို့ အဆိုပါပွဲစဉ်ကို အနိုင်ရရှိခဲ့ပါက သူဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဖွင့်နိုင်ပွဲဆက် အများဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly