ဦးဝီရသူ ဦးဆောင်သည့် မဟောသဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး) ပန္နက်ရိုက်

ဦးဝီရသူ ဦးဆောင်သည့် မဟောသဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး) ပန္နက်ရိုက်

မန္တလေး၊ မဇ္ဈိမ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာတွင် မဟောသဓာ အမျိုးသားရေးကိုယ်ပိုင် အထက်တန်းကျောင်း(မန္တလေး)တည်ဆောက်ရန်အတွက် ဇန်နဝါရီလ ၂၆ ရက်၊နံနက်ပိုင်းက ပန္နက်ရိုက် အခမ်းအနား ပြုလုပ်ခဲ့ရာ ဆရာတော် ဦးဝီရသူ တက်ရောက်သည်။

အဆိုပါကျောင်းကို ၈ ဧက ကျယ်ဝန်းသည့်မြေပေါ်တွင် ကျပ်သိန်း ၄၀၀၀ ကျော် အကုန်အကျခံ၍ လေးထပ် ကျောင်းဆောင်အဖြစ် တည်ဆောက်သွားမည် ဖြစ်သည်။

လက်ရှိ အလှူငွေမှာ ကျောင်းဆောင် နှစ်ထပ်စာအတွက်သာ အလှူငွေ ရရှိထားသေးကြောင်း၊ ကျန်နှစ်ထပ် ဆောက်လုပ်ရန်မှာ လတ်တလောတွင် အလှူရှင် မရှိသေးကြောင်း ဆရာတော် ဦးဝီရသူက မိန့်သည်။

"လောလောဆယ် နှစ်ထပ်ဆောင်လောက်ပဲ မျှော်မှန်းလို့ရသေးတယ်။ နောက်ထပ် နှစ်ထပ်အတွက်က အလှူရှင်မရှိသေးဘူး။ အဲဒီတော့ တစ်ထပ်ပြီး တစ်ထပ် ဆောက်သွားဖို့တော့ အစီအစဉ်ရှိတယ်။"ဟု ဦးဝီရသူက မိန့်သည်။

ကျောင်းဆောက်လုပ်နေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇန်နဝါရီလ ၂၅ ရက်က ဆောက်လုပ်ခွင့်မကျခင် လုပ်ငန်းများ ဆက်လက်မလုပ်ဆောင်ရန် တားမြစ်စာပေးပို့ထားသည်။

ယနေ့ ပန္နက်ရိုက် အခမ်းအနားပြုလုပ်နေသည်ကိုတော့ တိုင်းအစိုးရမှ တစ်စုံတစ်ရာ လာရောက်တားမြစ်ခြင်း မရှိခဲ့ဟုလည်း ဆရာတော် ဦးဝီရသူက မိန့်သည်။

"ဒီ ကျောင်းတော်ကြီးဖြစ်မြောက်ဖို့အတွက် အနယ်နယ်အရပ်ရပ်က သံဃာတွေ၊ပြည်သူတွေက ဒီကို လာပြီးတော့ ထောက်ခံလက်မှတ်ရေးထိုးတဲ့မှတ်တမ်းကလည်း မဟော်သဓာကျောင်းကြီးဖြစ်မြောက်သွားဖို့ အဖိုးတန်တဲ့မှတ်တမ်းအဖြစ် တွင်ကျန်ရစ်ခဲ့မှာပါ။"ဟု ဦးဝီရသူက မိန့်သည်။

မဟော်သဓာ အမျိုးသားရေးအထက်တန်းကျောင်း(မန္တလေး)တွင် လက်ရှိ၌ နဝမတန်းနှင့် ဒဿ မတန်း ကျောင်းသား၊ကျောင်းသူ ၁၅ဝဦးကျော်ကို သင်ကြားပေးလျှက် ရှိသည်။

အဆိုပါကျောင်းတွင် အစိုးရက ပြဋ္ဌာန်းထားသည့် စာပေကိုသာ သင်ကြားပေးမှာဖြစ်ပြီး မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်း ကျောင်း(ရန်ကုန်)ကို ၂၀၁၆ ခုနှစ်ကလည်းကောင်း၊ မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင် အထက်တန်းကျောင်း (တောင်ကုတ်)ကို ၂၀၁၇ ခုနှစ်ကလည်းကောင်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required