မြန်မာလက်ရွေးစင်နည်းပြချုပ်ရာထူး မတ်လပထမပတ်တွင် အပြီးခန့်အပ်မည်

မြန်မာလက်ရွေးစင်နည်းပြချုပ်ရာထူး မတ်လပထမပတ်တွင် အပြီးခန့်အပ်မည်

ဇန်နဝါရီလ ၂၆ ရက် ။           ။ မြန်မာလက်ရွေးစင်နည်းပြ ရာထူးအတွက် လျှောက်ထားသူ ၆၀ နီးပါး ရှိသည့်အထဲမှာ နည်းစနစ်ဌာနမှ  ဆန်ခါတင် ၈ ဦး ကို ပြန်လည် ရွေးချယ်ထားပြီး ဒုတိယအဆင့် အနေဖြင့် ထပ်မံ၍ ဆန်ခါတင် ၃ ဦးကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်သည်။

“ အဓိကအနေဖြင့်  ပရိုလိုင်စင် ရှိရမယ်။ ဘာသာစကားပိုင်းမှာလည်း အင်္ဂလိပ်စာ ပြောတဲ့နည်းပြကို ဦးစားပေးဖို့ရှိပါတယ်။ ခေတ်မီနည်းပညာတွေနဲ့လည်း ကျွမ်းကျင်ရမယ်။ အားကစားသိပ္ပံကိုလည်း နားလည်ရမယ်။ အချိန်တိုတို အတွင်းမှာ အသင်းကို အမြန်ဆုံး ပြင်ဆင်နိုင်ရမယ်။ နည်းစနစ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေနဲ့ ကိုက်ညီမယ့်နည်းပြကို ရွေးချယ်သွားမှာပါ။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဖုန်းနိုင်ဇော်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် MFF နှင့် မြန်မာနေရှင်နယ်လိဂ်၊ 100 Plus တို့ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရွေးချယ်ရာတွင် နည်းစနစ်ဆိုင်ရာ ဌာနမှ ချမှတ်သည့် မူအရ  မြန်မာ့အသင်းနှင့် ပတ်သက်ပြီး  ၎င်းတို့၏ အတွေးအခေါ်ပိုင်းဆိုင်ရာများ၊ နည်းစနစ်ဆိုင်ရာများနှင့် ကိုက်ညီမှုရှိမရှိကို ဆန်းစစ်ကာ ခန့်အပ်မည်ဟု သိရသည်။

ခန့်အပ်ရာတွင်လည်း နည်းပြများကို AFF ဆူဇူကီး Cup ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲစဉ်များကို ပေးအပ်ထားမည်ဖြစ်ကာ ၎င်းတို့၏ အကြံပြုချက်များက မြန်မာ့အသင်း၏ မူနှင့် နည်းစနစ်ဆိုင်ရာများကို ကြည့်ပြီး ရွေးချယ်မည်ဟု ဦးဖုန်းနိုင်ဇော်၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြရာထူးကို မတ်လအတွင်း အပြီးသတ် ခန့်အပ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိတွင် လျှောက်ထားသူများထဲ ဥရောပ၊ တောင်အမေရိကနှင့် နိုင်ငံပေါင်းစုံမှ နည်းပြများ ပါဝင် လျက်ရှိနေသည်။

၂၀၁၈ ခုနှစ် ဆူဇူကီးဖလားတွင် အုပ်စုက ထွက်ခွာခဲ့ရပြီးနောက် အသင်း၏ ရလဒ်များအရ နည်းပြ အန်တွမ်နီဟေးနှင့် မြန်မာအသင်းတို့သည် လမ်းခွဲခဲ့ကြပြီး နည်းပြသစ်တစ်ဦးကို ရှာဖွေလာခြင်း ဖြစ်သည်။

အန်တွမ်နီဟေး လက်ထက်တွင် မြန်မာအသင်းအား ၈ ပွဲ ကိုင်တွယ်ခဲ့ရပြီး  ၅ ပွဲရှုံးနိမ့်ခဲ့ကာ၊ ၁ ပွဲ သရေ ရလဒ်နှင့် အနိုင် ၂ ပွဲသာ ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly