ဖုန်း App အသုံးပြုပြီး မြိတ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အထွေထွေရွေးကောက်ပွဲ ပြုလုပ်

ဖုန်း App အသုံးပြုပြီး မြိတ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အထွေထွေရွေးကောက်ပွဲ ပြုလုပ်

မြိတ်၊ ဇန်နဝါရီ ၂၆ ။                ။ မြိတ်တက္ကသိုလ်၌ ပထမဆုံးကျင်းပသည့် ကျောင်းသားများသမဂ္ဂရွေးကောက်ပွဲ၌ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများကို ဖုန်းဆော့လ်ဝဲဖြင့် ရွေးချယ်ကျင်းပပြုလုပ်နေကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

မြိတ်မြို့တွင် နည်းပညာတက္ကသိုလ်၊ ကွန်ပြုတာ တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်ဟု၍ တက္ကသိုလ်ကျောင်း ၃ ခုရှိပြီး၊ လက်ရှိမှာ မြိတ်တက္ကသိုလ်တွင် ကျင်းပ ပြုလုပ်သော အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းများကို နည်းပညာတစ်ခု ဖြစ်သော ဖုန်း App ဆော့လ်ဝဲဖြင့် ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် မမျိုးမျိုးအိက” မြိတ်မှာ ရှိတဲ့ တက္ကသိုလ်တွေမှာ ယခင်က မဲပေးတာက စာရွက်မှာပဲ အမှတ်ခြစ်ပြီးတော့ ပေးကြတာ များပါတယ်၊ အခု ညီမတို့ ကျောင်းမှာကြတော့ ညီနောင်သမဂ္ဂကျောင်းဖြစ်တဲ့ နည်းပညာတက္ကသိုလ်က အစ်ကိုတွေကို ဆော့လ်ဝဲ ရေးခိုင်းပြီးတော့ အဲ့ဒီဖုန်းထဲမှာ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်နဲ့ ဓာတ်ပုံလေးတွေ ထည့်ထားပြီး မဲပေးနိုင်တဲ့စနစ်ကို  ဖန်တီးပြုလုပ်ထားတာ ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ တက္ကသိုလ်၌ ရွေးကောက်ခံ ကိုယ်စားလှယ် လောင်းများမှာ ၁၆ ဦး ဝင်ရောက် ရွေးခံနေခြင်း ဖြစ်ပြီး၊ ဥက္ကဋ္ဌနေရာအတွက် ၂ ဦး၊ အတွင်းရေးမှူးနေရာအတွက် ၂ ဦး၊ ဘဏ္ဍာရေးမှူးအတွက် ၃ ဦး၊ သတင်းနှင့် ပြန််ကြားရေး နေရာတွင် ၃ ဦး၊ ကျောင်းသားရေးရာတွင် တာဝန်ခံ ၄ ဦးနှင့် အမျိုးသားရေးရာတာဝန်ခံ၂ ဦး စသည့် နေရာများကို ဝင်ရောက် ရွေးကောက်ခဲ့ခြင်း ဖြစ်သည်။

“ဒီလိုမျိုး ဖုန်းနဲ့ မဲပေးတဲ့စနစ်က အရမ်းအဆင်ပြေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မဲလာရောက်ပေးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေက သူတို့ ပေးချင်တဲ့ သူကို NO – VOTE အမှတ်ခြစ်ပေးလိုက်ရုံပါပဲ၊ မှားတာတို့၊ ပယ်မဲ ဖြစ်တာတို့ လုံးဝ မရှိတော့ဘူး ဖြစ်သွားတယ်”ဟု ကော်မရှင်အဖွဲ့ဝင် မမျိုးမျိုးအိက ရှင်းပြသည်။

ယင်း တက္ကသိုလ်ရှိ မဲပေးနိုင်သူ ကျောင်းသူ၊ကျောင်းသား ဦးရေ စုစုပေါင်း ၄၀၀၀ ဦးကျော် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly