ဘရာဇီးမှာ ဆည်ပြိုကျမှုဖြစ်ပြီး ခုနစ်ဦး သေဆုံးကာ ၁၅၀ ကျော် ပျောက်ဆုံးနေ

ဘရာဇီးမှာ ဆည်ပြိုကျမှုဖြစ်ပြီး ခုနစ်ဦး သေဆုံးကာ ၁၅၀ ကျော် ပျောက်ဆုံးနေ
Photo: AFP

ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၂၆ ။      ။ ဘရာဇီးနိုင်ငံတောင်ပိုင်းက သံသတ္ထုရိုင်း တူးဖော်ရေးဧရိယာမှာရှိတဲ့ အသုံးမပြုတော့တဲ့ ဆည်ဟောင်းတစ်ခုဟာ ဇန်နဝါရီ ၂၅ ရက်နေ့ညက ပြိုကျမှု ဖြစ်ရာမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၁၅၀ ကျော် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဒေသခံတွေကို ဘေးအန္တရာယ် ကင်းလွတ်ရာနေရာတွေဆီ ပြောင်းရွှေ့ပေးဖို့ တာဝန်ရှိသူတွေက လုပ်ဆောင််လျက်လည်း ရှိပါတယ်။

ဘရာဇီး အကြီးစား သတ္ထုတူးဖော်ရေး Vale ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ဒီဆည်ဟာ ရုတ်ခြည်းဆိုသလို ကြီးကြီးမားမား ပြိုကျမှု ဖြစ်တာပါ။

ဒီလို ပြိုကျမှုကြောင့် ကြီးမားတဲ့ ရွံ့နဲ့ ရေထုထည်ဟာ သတ္ထုတူးဖော်ရေးလုပ်သား ၃၀၀ ကျော် အလုပ်လုပ်နေရာ တူးဖော်ရေးဧရိယာဆီ စီးဆင်းဖုံးလွှမ်းခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ Vale ကုမ္ပဏီစီအီးအို ဖာဘီလိုက ပြောပါတယ်။

ဆည်ပြိုကျရာက စီးဆင်းတဲ့ ရေတွေဟာ အနီးနားက ဘရမ်မာဒန်ဟိုမြို့ဆီ စီးဝင်ပြီး ကောက်ပဲသီးနှံစိုက်ခင်းတွေ၊ လယ်ကွက်တွေနဲ့ လမ်းတွေပေါ် စီးဆင်းတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး သွားလာဖို့ အခက်ကြုံနေပါတယ်။

သေဆုံးသူ အရေအတွက် တော်တော်များများ ထပ်တိုးလာနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ကယ်ဆယ်ရေးလုပ်သားတွေဟာ နေ့မအား ညမအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေလျက် ရှိပါတယ်။

ခု ဆည်ပြိုကျမှုကြီးဟာ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုအစိုးရသစ်အတွက် အခု လအတွင်း တာဝန်စတင်ယူပြီးချိန်ကစလို့ ကြီးမားတဲ့ အရေးပေါ်အခြေအနေနဲ့ ပထမဆုံး ရင်ဆိုင်ရတာပဲ ဖြစ်ပါတယ်။

အခု ဆည်ပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ တွင်းထွက်သတ္ထု စတဲ့ ဝန်ကြီးဌာနတွေနဲ့ ဌာနေအာဏာပိုင်အဖွဲ့အစည်းတွေရယ် ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly