တိုင်ကြားစာနှင့်ပတ်သက်၍ ပါတီမှ အကြောင်းကြားလာခြင်း မရှိသေးဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ဆို

တိုင်ကြားစာနှင့်ပတ်သက်၍ ပါတီမှ အကြောင်းကြားလာခြင်း မရှိသေးဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ဆို
Photo: Mizzima

မြိတ်၊ ဇန်နဝါရီ ၂၅ ။      ။ NLD ပါတီ(ဗဟို)သို့ တိုင်ကြားစာ ပေးပို့ခံထားရခြင်းနှင့် ပတ်သက်ပြီး၊ လက်ရှိအချိန်အထိ အသိပေး အကြောင်းပြန်လာခြင်းမျိုး မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်က ပြောသည်။ 

ဇန််နဝါရီ ၂၅ ရက်နေ့က မြိတ်အခြေစိုက်သတင်း မီယာများက မေးမြန်းစဉ် ယင်းသို့ ပြန်လည်ပြောခဲ့ခြင်း ဖြစ်သည်။

" ကျွန်မမှာ မိဘ ၂ ပါးပဲ ရှိပါတယ်၊ မောင်နှမတွေ မရှိပါဘူး၊ မောင်နှမတွေ မရှိတော့ တူတွေ၊ တူမတွေလည်း မရှိဘူးပေါ့ ။ အဲတော့ ကျွန်မမှာ သားသမီးတွေပဲ ရှိပါတယ်၊ သားသမီးတွေကလည်း ကျောင်းနေတဲ့ အရွယ်လည်း ရှိသလို၊ တချို့က ဝန်ထမ်းဖြစ်နေသလို ကျွန်မသားသမီးတွေ စီးပွားရေး လုပ်နေတာမျိုး မရှိပါဘူး၊ အဲ့ဒါကြောင့် ကိုယ့်ဆွေမျိုးတွေကို လုပ်ပိုင်ခွင့်ပေးထားတာမျိုး မရှိဘူး၊ အဲ့တော့ အခု ပြော ပြောနေတဲ့ ကိုယ်ရေးအရာရှိထားတယ် ဆိုတာလည်း ကျွန်မ ဆွေမျိုးတွေ တစ်ယောက်မှ မရှိပါဘူး၊ ကျွန်မက တစ်ကောင်ကြွက် ဖြစ်တယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မီဒီယာများတွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အနေဖြင့် ဆွေမျိုးသားချင်းများအား ကိုယ်ရေးအရာရှိ ခန့်အပ်သည့်ကိစ္စများ ၊ ဆွေမျိုးသားချင်းများ ပါဝင်သည့် ကုမ္ပဏီအား တင်ဒါချထားပေးသည့် ကိစ္စရပ်များ ရှိနေသည်ဟု ရေးသားဖော်ပြထားခဲ့သည်။

အဆိုပါကိစ္စရပ်များအပေါ်အခြေခံပြီး အမျိုးသားဒီမိုကရေစီပါတီ ဌာနချုပ်သို့ ဇန်နဝါရီ ၂၄ ရက်နေ့က တိုင်ကြားစာရောက်ရှိလာခြင်းဖြစ်သည်။

တိုင်ကြားစာနှင့် ပတ်သက်ပြီး၊ ဝန်ကြီးချုပ်က ကိုယ်တိုင် မသိရှိရသေးကြောင်း၊ MSMEs ပွဲနှင့် မြိတ်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်သည် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သော တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခယ်မတော်စပ်ပြီး ဦးအောင်စိုး၏သမီးဖြစ်သူကို ဝန်ကြီးချုပ်က ၎င်း၏ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။ 

တိုင်ကြားစာကိစ္စနှင့်ပတ်သက်ပြီး ပါတီအနေဖြင့် ခိုင်လုံမှု ရှိ၊ မရှိ တိတိကျကျ စုံစမ်းသွားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly