စစ်တွေမှ မလေးရှားသို့ တရားမဝင်ထွက်ခွာရန် စုစည်းစောင့်ဆိုင်းနေသူများအား ဖမ်းဆီး

စစ်တွေမှ မလေးရှားသို့ တရားမဝင်ထွက်ခွာရန် စုစည်းစောင့်ဆိုင်းနေသူများအား ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီလ ၂၅ ။             ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းမှ မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာရန် စုစည်းစောင့်ဆိုင်းနေသူ ၂ဝ ဦးအား ဖမ်းဆီးရမိထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၄ ရက်၊ ည ၈ နာရီခန့်အချိန်တွင် စစ်တွေမြို့နယ်၊ ဘာဆာရာကျေးရွာနေ နူရ်ဆလမ်ဆို သူ၏နေအိမ်၌ မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာရန် ရည်ရွယ်ချက်ဖြင့် လူများစုစည်းရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်စိစစ်ခဲ့ရာမှတဆင့် ယင်း လူ ၂ဝ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ နူရ်ဆလမ်မှာ ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်း၏ဇနီး မလိုင်လာဘေဂေါင် နှင့်အတူ မလေးရှားသို့ သွားရောက်ရန် စောင့်ဆိုင်းနေသူ အုန်းတောကြီးကျေးရွာနေ ဦးဖြစ်သည့် လိုင်လာနှင့် ဂျို့မိုက်ဒါတို့ကို ကနဦး တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၁ဝ နာရီကျော်အချိန်ခန့်တွင် ၎င်းကျေးရွာအပြင်ဘက်ပင်လယ်ကမ်း ခြေသို့သွားသည့်လမ်းရှိ ကြက်ခြံအတွင်း ခြံပိုင်ရှင်အဒူဟာလိစ် ဦးစီးပြီး စက်လှေဖြင့် သွားရောက်ရန်စုစည်း စောင့်ဆိုင်းနေသည့် ရွာ ၄ ရွာနှင့် IDP Camp နှစ်ခုတွင် နေထိုင်သည့်  လူ ၁၆ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ရွာများနှင့် IDP Camp များမှာ ဘာဆာရာကျေးရွာ၊ ဘုမေကျေးရွာ၊ အုန်းတောကြီးကျေးရွာ၊ မကျည်းမြိုင်ကျေးရွာ၊ ဆေးသမားကြီး IDP Camp နှင့် ဒါးပိုင် IDP Camp တို့ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးရဲတပ်ဖွဲ့မှ စုစုပေါင်း ကျား ၄ ဦး၊ မ ၁၆ ဦးတို့အား ဖမ်းဆီးထားပြီး လူစုဆောင်းသူ ပွဲစားဖြစ်သော (တိမ်းရှောင်နေသူ) နူရ်ဆလမ်၊ ၎င်း၏ ဇနီး မလိုင်လာဘေဂေါင်နှင့်  ကြက်ခြံပိုင်ရှင် အဒူဟာလိစ်တို့အား စစ်တွေမြို့မရဲစခန်းတွင် (ပ)၂၇၁/၂ဝ၁၉၊ ရာဇသတ် ကြီးပုဒ်မ- ၃၆၇/၁၁၄ ဖြင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

မလေးရှားနိုင်ငံသို့သွားရောက်ရန် စုစည်းထားရှိသည့် ဖမ်းမိသူ ၁၈ ဦးတို့ကိုလည်း ဥပဒေနှင့်အညီ စိစစ်လျက်ရှိပြီး ကနဦးစိစစ်ချက်အရ မလေးရှားနိုင်ငံသို့သွားရောက်မည့် ၁၈ ဦးသည် ပွဲစားနူရ်ဆလမ်ထံသို့ ငွေကျပ် ၁၅ သိန်းစီပေးချေရပြီး သွားရောက်ရန်စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly