အလောင်းရှာမတွေ့သော အမှုတစ်ခုအတွက် ရဲတပ်ဖွဲ့ ဖိအားပေးခံနေရ

အလောင်းရှာမတွေ့သော အမှုတစ်ခုအတွက် ရဲတပ်ဖွဲ့ ဖိအားပေးခံနေရ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာမှ တံငါသည်တစ်ဦးကို လှံနှင့်ထိုးသတ်ကာ ပဲခူးမြစ်အတွင်း ဖျောက်ဖျက်ပစ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ သားအဖ သုံးဦး မကြာသေးမီ ရက်ပိုင်းအတွင်းက အာမခံဖြင့် ပြန်လွတ်လာခြင်းမှာ ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံအများအပြားနှင့် ရှေ့နေတချို့က ပြောသည်။

ရဲတပ်ဖွဲ့ကမူ ရုပ်အလောင်း ရှာမတွေ့သေးသော ဤအမှုနှင့် ပတ်သက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြန်လည် တုန့်ပြန်ထားသည်။

သန်လျင်တံတား အမှတ် ၂ ဘေးရှိ ကုလားဝဲ တံငါရွာလေးရှိ ဤအမှုသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ သန်းခေါင်ယံတွင် စတင်ပေါ်ပေါက်လာသည်။ မြစ်ကမ်းနံဘေးတွင် တာလပတ်မိုး၊ ခြင်ထောင်ထောင်ပြီး အိပ်နေသည့်   ၃၆ နှစ်အရွယ်  ကိုကျော်လတ် ဆိုသူကို   အသက် ၅ဝ ကျော်အရွယ်  မောင်ဝင်း (ခေါ်) ခင်မောင်ဝင်းက လှံဖြင့် ထိုးသတ်ခဲ့သည်ကို တွေ့ရကြောင်း ရွာသားတချို့က ပြောသည်။ သားဖြစ်သူ ၃၂ နှစ်အရွယ် ကျော်သူ၊ သားမက်ဖြစ်သူ ၃၃ နှစ်အရွယ် ငမျိုး (ခေါ်) မျိုးသန့်တို့နှင့်အတူ ထိုအမှု ကျူးလွန်ကြသည်ဟု ဆိုသည်။

ထို ၃ ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၈ နှင့် သန်လျင်မြို့နယ်၊ ရုံးသပြေကန်စခန်းမှ စခန်းမှူး ရဲအုပ် ဇော်မင်းနိုင်က အမှုဖွင့် တရားစွဲဆိုခဲ့သည်။ ထိုပုဒ်မကို "ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်ရန် အားထုတ်ခြင်း" ဟု ဥပဒေတွင် ဖော်ပြထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ၇ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဇန်နဝါရီ ၁ဝ ရက်နေ့တွင်မူ  စွပ်စွဲခံရသူ ၃ ဦး  အာမခံဖြင့် ပြန်လွတ်လာသည်။

အလောင်း ပြန်မတွေ့သေးသည့်အချိန်ဖြစ်သောကြောင့် ပုဒ်မ ၃၀၈ ဖြင့် အမှုဖွင့် ဆောင်ရွက်သည်က မှန်ကန်သည်ဟု ဥပဒေပညာရှင်တချို့က ယူဆကြသည်။ သို့သော်လည်း မျက်မြင်သက်သေများ ရှိနေပြီဖြစ်သည့်အတွက် ဥပဒေသဘောအရ သံသယရှိသူကို အမြင့်ဆုံးပုဒ်မဖြင့်သာ အမှုဖွင့်သင့်ကြောင်း၊ ရဲလုပ်ငန်းဆောင်တာများ အပြည့်အ၀ ဆောင်ရွက်ခဲ့ဟန် မရှိကြောင်း ဝေဖန်ကြသည်။


ရဲစခန်းသို့ သွားရောက်ပြီး မျက်မြင်သက်သေအဖြစ် အစစ်ဆေးခံခဲ့သူ ကုလားဝဲရွာမှ ငါးဖမ်းလုပ်သား ကိုတင်လင်းဇော်

ရဲစခန်းသို့ သွားရောက်ပြီး မျက်မြင်သက်သေအဖြစ် အစစ်ဆေးခံခဲ့သူ ကုလားဝဲရွာမှ ငါးဖမ်းလုပ်သား ကိုတင်လင်းဇော်

အမှုဖြစ်စဉ်

အခင်းဖြစ်ည အစောပိုင်းက သေဆုံးသူနှင့်အတူ အဖော်အဖြစ် ရှိခဲ့သူမှာ ၂၃ နှစ်အရွယ် ကိုခင်မောင်သန်း (ခေါ်) ငဒူ ဖြစ်သည်။ အိမ်သို့ ခေတ္တပြန်ပြီး ကမ်းပါးသို့ ပြန်လာစဉ် တုတ်၊ လှံများ ကိုင်ဆောင်သွားနေသည့် မောင်ဝင်းတို့ ၃ ဦးကို တွေ့ကြောင်း၊ ကိုကျော်လတ်၏ အိပ်ယာထဲသို့ မောင်ဝင်းက လှံဖြင့်ထိုးသည်ကို ၁၅ ပေခန့် အကွာအဝေးမှ တွေ့ရကြောင်း ၎င်းက ပြောသည်။  ထို ၃ ဦးက ကိုကျော်လတ်ကို ခြင်ထောင်၊ စောင်တို့နှင့် လုံးထွေးကာ ကမ်းစပ်သို့ သယ်သွားသည်ဟု ဆိုသည်။ သူမြင်တွေ့ခဲ့ရသည်များကို  ရဲထံ အစစ်ခံပြီးဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

၅၆ နှစ်အရွယ် ဦးဌေးဝင်းက ထိုညဦးပိုင်းတွင် မောင်ဝင်းတို့သည် ကိုကျော်လတ် အိပ်သည့်နေရာသို့ သွားရောက် ချောင်းမြောင်းခဲ့ကြောင်း ပြောသည်။

ရွာသားတစ်ဦးဖြစ်သည့် ကိုတင်လင်းဇော်က နံနက် ၅ နာရီဝန်းကျင်တွင် လှေကမ်းကပ်နေသည့် မောင်ဝင်းတို့ ၃ ဦးကို တွေ့ရကြောင်း၊ မောင်ဝင်းနှင့် သားဖြစ်သူက ကမ်းပေါ်သို့ တက်လာစဉ် သားမက်ဖြစ်သူက လှေကို ဆေးကြောနေကြောင်း ပြောသည်။

“ကျွန်တော့်ရဲ့ မြင်ကွင်းအရတော့ ည ၁ နာရီလောက်မှာ သူတို့ လှေဆိပ်မှာ တစ်ခုခု လုပ်နေတာတွေ့တယ်။ မနက် လင်းရောင်သမ်းတော့မှ သူတို့ ကမ်းပြန်လာတယ်။ အဲ့ဒီတော့ တစ်ညလုံး သူတို့ ရေထဲမှာရှိနေတယ်”  ဟု ၃၈ နှစ်အရွယ် ကိုတင်လင်းဇော်က ဆိုသည်။

 “သူတို့မိသားစုက ကျွန်တော်တို့ရွာမှာ နာမည်ကြီးသူတွေဖြစ်တော့ ချက်ချင်း ကျွန်တော်တို့တွေ ကိုယ်ဘာတွေ့တယ် ဆိုတာ မပြောရဲခဲ့ဘူး။   ကျွန်တော်တို့မပြောရင် ဒီအမှန်တရားက ဘယ်လိုမှ ပေါ်လာမှာမဟုတ်ဘူး ဆိုပြီး သက်ဆိုင်ရာကို ပြောပြတာ။ အခုတော့ ကျွန်တော်တို့တွေပါ ကိုယ်မဆိုင်တာ ဝင်ပါရင် တွေ့မယ်ဆိုပြီး သူတို့က  ကြိမ်းမောင်းတာကို ကြုံလာရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကိုကျော်လတ် နောက်ဆုံးအိပ်ခဲ့သည့်နေရာနှင့် မြစ်ကမ်းနဘေး သွေးကွက်များကို ရိုက်ကူးထားသည်ဆိုသော မှတ်တမ်းဓာတ်ပုံ၊ ရုပ်သံများကိုလည်း မိသားစုဝင်တို့ထံတွင် ရှိနေသည်။


ရဲစခန်းသို့ သွားရောက်ပြီး မျက်မြင်သက်သေအဖြစ် အစစ်ဆေးခံခဲ့သူ ကုလားဝဲရွာမှ ဦးဌေးဝင်း

ကိုကျော်လတ်၏ ဇနီး မနေခြည်ငုဝါက  ခင်ပွန်းသည်  အသုံးပြုခဲ့သော MP 3 ဆောင်းဘောက်လေး၏ အပိုင်းအစများကို မောင်ဝင်း၏ သားမက်ဖြစ်သူ နေထိုင်သည့် အိမ်အနီး တွေ့ရှိခဲ့ရသည်ဟု ပြောသည်။ စောင်ကိုလည်း မောင်ဝင်းတို့၏ ခြံနောက်ဘက်တွင်  တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများသည် အားရဖွယ် မရှိသည့်အတွက် နိုင်ငံတော်သမ္မတ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ထံ တိုင်ကြားမည်ဟု ပြောသည်။

“မျက်မြင်သက်သေတွေ ရှိနေပါလျက်နဲ့တောင် သူတို့က အာမခံပေးပြီး ပြန်လွှတ်ပေးလိုက်တယ် ဆိုတော့ အခုဆို တရားရုံးမှာ သက်သေ ထွက်ဆိုမယ့် မျက်မြင်သက်သေတွေက ကြောက်နေကြပြီ” ဟု ၎င်းက ဆိုသည်။

ရွာသားတချို့က သေဆုံးသူ၏ ဖခင်သည်လည်း အလားတူ အဖြစ်မျိုး ကြုံခဲ့ရကြောင်း၊ အမှုနှစ်ခုလုံးတွင် ကျူးလွန်သူမှာ တစ်ဦးတည်းသာ ဖြစ်ကြောင်း စွပ်စွဲသည်။  လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က ပဲခူးမြစ်ထဲတွင်  ငါးဖမ်းကြစဉ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊     တစ်ဦးတည်းသော မျက်မြင် သက်သေမှာလည်း ကွယ်လွန်သွားပြီးဖြစ်သောကြောင့် ထိုအမှုအတွက် အမှန်တရား ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း Myanmar Now ကို  ပြောကြသည်။

“ကျော်လတ် အဖေကို ငါသတ်တာကွ” ဟု မောင်ဝင်းက  ရွာထဲတွင် မကြာခဏ ပြောဆိုလေ့ရှိကြောင်း ၎င်းတို့က ဆိုကြသည်။

ထိုစကားက ကိုကျော်လတ်အတွက် နားကျည်းစရာဖြစ်ပြီး သူ့ဖခင် သတ်ဖြတ်ခံရမှုကို ပြန်ဖော်မည်ဟု ပြောတတ်ကြောင်း မနေခြည်ငုဝါက ဆိုသည်။

“သူနဲ့ မောင်ဝင်းတို့ မိသားစုတွေနဲ့က အရင်ကတည်းက မတည့်ကြဘူး။  မသေခင် တစ်ပတ်လောက် အလိုတုန်းကလည်း ထိုးမယ်၊ ကြိတ်မယ်အထိ ဖြစ်ခဲ့ကြသေးတာ။ အဲ့ဒီအချိန်က ကျွန်မဟာ သားလေး မွေးပြီးစ ၂ လ ဝန်းကျင်လေးပဲ ရှိသေးတာ။ ကျွန်မယောက်ျားကို ရန်မဖြစ်ဖို့ တော်တော်ပြောယူခဲ့ရတာ” ဟု   မနေခြည်ငုဝါက ဆိုသည်။  ၎င်းသည် ယခုအခါ ၅ လ အရွယ် သားဖြစ်သူနှင့်အတူ   မိခင်၏အိမ်တွင် ပြောင်းရွှေ့နေထိုင်လျက် ရှိသည်။


ရဲစခန်းသို့ သွားရောက်ပြီး မျက်မြင်သက်သေအဖြစ် အစစ်ဆေးခံခဲ့သူ ကုလားဝဲရွာမှ ငါးဖမ်းလုပ်သား ကိုခင်မောင်သန်း

ရှေ့နေတချို့၏ အမြင်

ကုလားဝဲရွာမှ ပဲခူးမြစ်အတိုင်း တစ်နာရီခန့် စုန်ဆင်းလျှင်  ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်း၊  ပဲခူးမြစ်တို့ ပေါင်းဆုံရာ မြစ်သုံးခွဆုံသို့ ရောက်ရှိသွားမည်ဖြစ်သည်။ မြစ်ဆုံတွင် ပစ္စည်းတစ်ခုခု သွားရောက် စွန့်ပစ်မည်ဆိုလျှင် ထိုပစ္စည်းသည် ကုလားဝဲရွာသို့ ပြန်လည် ဆန်တက်လာနိုင်ချေမရှိဟု ရွာမှ ငါးဖမ်းလုပ်သား အများအပြားက ပြောကြသည်။

ရဲတပ်ဖွဲ့သည် အလောင်းပြန်ရှာမတွေ့သည့်တိုင် သတ်ခဲ့ကြောင်း မျက်မြင်သက်သေ ရှိသည်ဆိုလျှင် ကနဦးတွင် လူသတ်မှုနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မများထဲမှ အမြင့်ဆုံးပုဒ်မဖြင့်သာ အမှုဖွင့်ဆောင်ရွက်သင့်သည်ဟု  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က  ဆိုသည်။

ပုဒ်မ ၃၀၈ နှင့် အရေးယူခံနေရသူကို တရားရုံးက  အာမခံပေးပိုင်ခွင့်ရှိသော်လည်း ရဲလုပ်ငန်းကုန်စင်အောင် ဆောင်ရွက်ထားခြင်းမရှိဟု ဥပဒေအရာရှိက သံသယဖြစ်လျှင် ထပ်မံ စုံစမ်း စစ်ဆေးရန် ရဲတပ်ဖွဲ့ကို တောင်းဆိုနိုင်သည်၊ စွပ်စွဲချက်များ မှန်ကန်နေသည် ဆိုပါက အခြားပုဒ်မတစ်ခုဖြင့် ထပ်မံ အရေးယူနိုင်သည်ဟု   ၎င်းက ဆက်ပြောသည်။

“အခုအတိုင်းသာ စစ်ဆေးပေါ်ပေါက်ခဲ့မယ်ဆိုရင်တော့ လူသတ်မှုအပြင် အလောင်းဖျောက်ဖျက်မှုပါ နွယ်သွားပြီ။ ဒါဟာ သက်သေခံပစ္စည်းကို ဖျောက်ဖျက်လိုက်တာပဲ” ဟု ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုသည် ဤအမှုတွင် လွန်စွာ အရေးကြီးနေသည်ဟု သုံးသပ်သည်။

“ရဲဘက်က အလောင်းမတွေ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီပုဒ်မ တပ်မယ်ဆို တပ်လို့တော့ ရပါတယ်။ ဒါပေမယ့်   ရဲတပ်ဖွဲ့က အမှုဖွင့် တရားစွဲတဲ့ အခါမှာ ဘယ်လို အချက်တွေကို ထည့်သွင်း စွဲဆိုသလဲဆိုတာ အရေးကြီးတယ်။ သူက တရားစွဲတာမှာ ဖော့ရေးရင်လည်းရသလို ဖိရေးရင်လည်း ရတယ်။ အဲ့ဒီအပေါ်မှာ ဥပဒေအရာရှိက ပုဒ်မ တပ်တာမှာ ကွာသွားတာပဲ။ သေချာတာကတော့ လက်တလော သိရသလောက်က ရဲတပ်ဖွဲ့ဟာ စစ်ဆေးမှု ပြည့်စုံအောင် မလုပ်ခဲ့ဘူး ဆိုတာ ပေါ်ပေါက်နေတဲ့သဘောဖြစ်နေတယ်” ဟု ဦးဇော်လင်းက ပြောသည်။


ပဲခူးမြစ်ဘေးမှ ကုလားဝဲရွာတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ အများအပြား နေထိုင်ကြသည်

စွပ်စွဲချက်များကို တုန့်ပြန်ခြင်း

အာမခံဖြင့် အမှု ဆက်လက် ရင်ဆိုင်နေရသူ မောင်ဝင်းထံမှ မှတ်ချက် တောင်းခံရန် ၎င်းကို ဆက်သွယ်၍ မရသေးပေ။

၎င်း၏ သမီးဖြစ်သူ မဌေးဌေးဝင်းက ရွာသားတို့၏ စွပ်စွဲချက်များ မှားယွင်းနေသည်ဟု Myanmar Now ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောပြသည်။

အခင်းဖြစ်ညက မိသားစုဝင်အားလုံးသည်  နေအိမ်တွင်သာ ရှိနေကြကြောင်း၊ မတရားစွပ်စွဲခံရပြီး မှားယွင်း အရေးယူခံခဲ့ရခြင်းသာဖြစ်ကြောင်း ပြောသည်။

ထိုစွပ်စွဲချက်များ ခိုင်လုံမှု မရှိသည့်အတွက် တရားရုံးက အာမခံဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု သူက ထောက်ပြသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစား ရဲမှူးကြီး မောင်စိုးက ငါးဖမ်းလုပ်ငန်းတွင် ပေါ်ပေါက်သည့် မှုခင်းတို့သည် အငြင်းပွားစရာ ဖြစ်နိုင်သည့် အလားအလာ ပိုများတတ်ကြောင်း၊ အမှုကို ကိုင်တွယ်ရသည့် ရဲအရာရှိတို့ ဝေဖန်ခံရလေ့ရှိကြောင်း  ပြောသည်။

“အလောင်းမတွေ့ဘဲနဲ့တော့ သူတို့မှာ လူသတ်မှုဖြစ်ပါတယ်လို့ ပြောဖို့ကတော့ ခက်တယ်။ ဥပဒေအကြံတောင်းတဲ့ဆီမှာလည်း အလောင်းမတွေ့တဲ့ အချက်က လူသတ်မှုလို့ ပုဒ်မတပ်ဖို့ ခက်တယ်။ ပြည်သူတွေကတော့ ပြောမှာပဲ။ တဖက်ကမှာ ဥပဒေအရ သားရေကွင်းလို ဖြစ်နေတော့ အထောက်အထား သာတဲ့ဘက်က သာသွားနေဦးမှာပဲ။ တရားခွင်မှာ စစ်ဆေးပေါ်ပေါက်ချက်အရသာ နောက်ပိုင်း ပုဒ်မတွေပြောင်းချင်ပြောင်းမှာပေါ့” ဟု ၎င်းက ဆိုသည်။

လူသတ်မှုဟု ယူဆနိုင်ရန်အတွက်မူ အသတ်ခံရကြောင်း ထင်ရှားစေမည့် အထောက်အထား တွေ့ရှိရန် အရေးကြီးကြောင်း ၎င်းက သုံးသပ်သည်။

စွပ်စွဲခံရသူတို့ အာမခံဖြင့် ပြန်လွတ်လာသောကြောင့် အမှုနှင့် ပတ်သက်ပြီး သက်သေထွက်ဆိုမည့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်ကို မေးခွန်း ထုတ်လာကြသည်။


သံလျင် အမှတ် ၂ တံတားဘေး ကုလားဝဲရွာ တည်ရှိသည့်နေရာပြ မြေပုံ

ရုံးသပြေကန် ရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်မင်းနိုင်ကို အမှုနှင့် ပတ်သက်ပြီး မကြာသေးခင် ရက်ပိုင်းအတွင်း ဆက်သွယ် မေးမြန်းရာ စွပ်စွဲခံရသူတို့ကို စွဲဆို ပုဒ်မတပ်ခြင်း၊ အာမခံဖြင့် လွှတ်ခြင်းတို့မှာ တရားရုံးနှင့်သာ သက်ဆိုင်သည်ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဇန်နဝါရီ ၂၃ ရက်နေ့က  ထပ်မံ အဆက်အသွယ် ရချိန်တွင် ရဲအုပ်က အမှုနှင့် ပတ်သက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ထားသည်ဟု ပြောသည်။

"ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို တရားရုံးမှာတောင် …  ကျွန်တော်တို့က ရှင်းမပြဘူး။ လုပ်ဆောင်ချက်ကို ရှင်းပြစရာလည်း အကြောင်းမရှိဘူး။ ကျွန်တော်တို့ဆီ လာခဲ့လိုက်ပါ။ အကျိုးအကြောင်းလေး ပြောပြပေးပါ့မယ်။ သူတို့မိသားစုကိုလည်း ပြောပြပြီးပြီ။ ဒီထက်ကျွန်တော်တို့ အလုပ်ဝတ္တရားတွေ၊ တာဝန်တွေကို နှောင့်ယှက်နေမယ်ဆိုရင် ကျွန်တော်တို့ကလည်း ဥပဒေအတိုင်း ဆောင်ရွက်ရပါလိမ့်မယ်။ အကြိမ်ကြိမ်အခါခါလည်း ပြောပြီးပြီ။   ဘာကို မရှင်းလင်းတာရှိရင် လာမေးလိုက်ပေါ့။ တရားဝင်မေးမယ်ဆိုလည်း လာမေးလိုက်။ ကျွန်တော်တို့ အထက်လူကြီးတွေလည်း ရှိတယ်။ သူတို့နဲ့လာတွေ့လိုက်၊ မေးလို့ရပါတယ်" ဟု ၎င်းက ပြောသည်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly