မျိုးသုဉ်းပျောက်ကွယ်တော့မယ့် မျိုးစိတ်တွေ တနင်္သာရီမှာများလာ

မျိုးသုဉ်းပျောက်ကွယ်တော့မယ့် မျိုးစိတ်တွေ တနင်္သာရီမှာများလာ

ဇန်နဝါရီ ၂၅ ။            ။ တနင်္သာရီတိုင်းအတွင်းမှာ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များ များပြားလာနေကြောင်း မြိတ်တက္ကသိုလ်တွင် ပြုလုပ်သည့် တောရိုင်းတိရစ္ဆာန်များဆိုင်ရာ ညီလာခံ၌ သုတေသန ပညာရှင်များက ထောက်ပြခဲ့သည်။

 “မျိုးသုန်း ပျောက်ကွယ်တော့မယ့် မျိုးစိတ်တွေ အင်မတန်မှ များလာနေပါတယ်၊ ဥပမာအရ ဆိုလျှင် နို့တိုက် သတ္တဝါထဲမှာလည်း ရှိပါတယ်၊ ငှက်မျိုးစိတ်တွေမှာလည်း ရှိနေပါတယ်၊ တွားသွား သတ္တဝါတွေထဲမှာလည်း ရှိနေပါတယ်၊ အနီးစပ်ဆုံး ပြောရလျှင် အားလုံး နားလည် နိုင်တဲ့ မျိုးစိတ်များထဲမှာ ကျားလိုဟာမျိုးပေါ့ ကျားမျိုးစိတ်က ကျွန်တော်တို့ တနင်္သာရီတိုင်းထဲမှာ ရှိနေပေမယ့် သို့သော် အင်မတန် ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ကျရောက်လျက် ရှိနေပါတယ်”ဟု FFI ၏ ထိန်းသိမ်းရေး စီမံကိန်း မန်နေဂျာ ဦးနေမျိုးရွှေက ပြောသည်။

ညီလာခံကို အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်များနှင့် သဘာဝ အပင်များ ထိန်းသိမ်းရေးအဖွဲ့ (FFI) နှင့် မြိတ် တက္ကသိုလ်တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၄ ရက်နေ့မှ ဇန်နဝါရီ ၂၅ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ တရားမဝင် တောရိုင်း တိရစ္ဆာန်များ ရောင်းဝယ် ဖောက်ကားခြင်း၊ အွန်လိုင်းမှ တဆင့် ရောင်းဝယ် ဖောက်ကားမှုများ အပြင် နည်းအမျိုးမျိုးဖြင့် ပြုလုပ်နေခြင်းကြောင့် မျိုးသုဉ်း ပျောက်ကွယ်မည့် မျိုးစိတ်များမှာ များပြားလာနေသည်ဟု ညီလာခံသို့ တက်ရောက်လာသည့် သုတေသနပညာရှင်များက ယင်းသို့ ထောက်ပြခဲ့ခြင်း ဖြစ်သည်။

“ညီမတို့ ကျောင်းသူ ကျောင်းသားတွေ တောရိုင်း တိရစ္ဆာန်များနဲ့ ပတ်သက်ပြီး၊ သုတေသန ပြုလုပ်တဲ့ အခါမှာ ရွာတွေ အထိ ဆင်ပြီး စစ်တမ်းတွေ ကောက်တဲ့ အခါမှာ ရွာတွေမှာ ရှိတဲ့ ထမင်းဆိုင် တချို့မှာ အခုချိန် အထိ တောကောင် သားတွေ ရောင်းချနေတာ တွေ့နေရပါတယ်၊ အဲ့ဒါကို မေးမြန်တဲ့ အခါမှာ တချို့ကလည်း သူတို့ မသိလို့ ရောင်းမိတာပါ ဆိုပြီး လိုလိုလားလားနဲ့ ပူးပေါင်း ဖြေကြားပေးတာမျိုး ရှိသလို တချို့ကတော့ ဒါကို စီးပွားရေး တစ်ခု အနေနဲ့ ရောင်း နေတာကို ဖြစ်လို့ မဖြေကြားဘဲ ကျောင်းသူ ကျောင်းသားတွေ ဖြစ်ပြီး၊ ညည်းတို့နဲ့ ဘာဆိုင်လို့ လာမေးနေရတာလဲ ဆိုပြီး နင်ထုတ်ခံရတာမျိုး အများကြီး ကြုံခဲ့ရတယ်။” ဟု မြိတ်တက္ကသိုလ် သတ္တဗေဒဌာနမှ အထူးပြု တတိယနှစ် ကျောင်းသူ မဟန်သီသီဆက်က ၎င်း၏ အတွေ့အကြုံကို ညီလာခံ၌ ဝေမျှပြောဆိုခဲ့သည်။

တနင်္သာရီတိုင်း အတွင်းရှိ မြိတ်- ထားဝယ် လမ်းပိုင်းရှိ ထမင်းဆိုင်များနှင့် မြိတ်- ကော့သောင်း- ဘုတ်ပြင်း လမ်းပိုင်းရှိ ထမင်းဆိုင်များမှာ လက်ရှိ အချိန် အထိ သစ်တောမှ တားမြစ်ထားသော်လည်း တောကောင်သားများကို တရားမဝင် ဆက်လက်ရောင်းချမှုများ ရှိနေသည်။

ထိုသို့ စိုးရိမ်ဖွယ်ရာ မျိုးသုဉ်းပျောက်ကွယ်နိုင်ဖွယ်နှင့် ရင်ဆိုင်နေရသည့် တနင်္သာရီတိုင်းအတွင်းရှိ မျိုးစိတ်များအား အချိန်မီကာကွယ်မှုများပြုလုပ်နိုင်ရန် ယခုညီလာခံမှ ထွက်ပေါ်လာမည့် ကာကွယ်ခြင်းဆိုင်ရာ ဥပဒေများကို အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly