ပလောက်တွင်ရွာသားများတွေ့ရှိသည့် လေ့ကျင့်ရေးလက်ပစ်ဗုံးများကို တပ်မှ ဖယ်ရှားရှင်းလင်း

ပလောက်တွင်ရွာသားများတွေ့ရှိသည့် လေ့ကျင့်ရေးလက်ပစ်ဗုံးများကို တပ်မှ ဖယ်ရှားရှင်းလင်း

မြိတ်၊ ဇန်နဝါရီ ၂၄ ။             ။ မြိတ်ခရိုင်၊ ပလောက်မြို့၊ ၀ါးဇွမ်းအုပ်ကျေးရွာရှိ ဥယျာဉ်ခြံအနီး ရွာသူရွာသားများ တွေ့ရှိသည့် လေ့ကျင့်ရေး လက်ပစ်ဗုံးများကို ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာတပ်နှင့်အတူ ရှာဖွေကာ ဖောက်ခွဲ ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန့်ဇင်ဦး ပြောကြားသည်။

 “ဗုံးတွေက လေ့ကျင့်ရေးမှာ သုံးတဲ့ ဗုံးတွေ ဖြစ်ပါတယ်။ အဲ့ဒါက လေ့ကျင့်ရေးမှာ ပစ်တဲ့အခါမှာ သုံးတာ ဖြစ်ပါတယ်။ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ဗုံး ၁၁ လုံးကို တွေ့ရှိတာပါ။ ကျွန်တော်တို့ သွားရှာတဲ့ အခါမှာ ရွာသူ ရွာသားတွေ ပြောသလို ရွာထဲမှာ တွေ့တာမဟုတ်ပါဘူး။ ကျောင်းထဲက ဧရိယာထဲမှာ တွေ့တာပါ။ ရွာရဲ့ ဧရိယာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရွာနဲ့တော့ နည်းနည်း နီးပါးတယ်”ဟု ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

 အဆိုပါ လက်ပစ်ဗုံး ၁၁ လုံးကို ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် သက်ဆိုင်ရာလေ့ကျင့်ရေး ကျောင်းမှ အရာရှိများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ဖယ်ရှားရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

 “ဘာမှတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ အကုန်လုံး ဖောက်ခွဲဖယ်ရှား ရှင်းလိုက်ပြီဖြစ်တာကြောင့် အန္တရာယ်ကင်းသွားပါပြီ”ဟု ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly