မကွေးတိုင်းဒေသကြီးအတွင်း မှုခင်း ဖြစ်ပွားမှုများ ယမန်နှစ်ထက် လျော့ကျလာ

မကွေးတိုင်းဒေသကြီးအတွင်း မှုခင်း ဖြစ်ပွားမှုများ ယမန်နှစ်ထက် လျော့ကျလာ

မကွေး၊ ဇန်နဝါရီ ၂၄ ။           ။ ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များသည် ယမန်နှစ်ကထက် လျော့ကျလာကြောင်း မကွေးတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ ပြောသည်။

၂၀၁၈ခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း အမှုကြီး(၁၉၉)မှု၊ အခြားအမှု(၅၂၄၇)မှုနှင့် ကြိုတင်ကာကွယ်မှု (၁၆၀၃၁)မှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“တရားဥပဒေစိုးမိုးရေးအတွက် ၂၀၁၈ခုနှစ်အတွင်း ခရိုင်(၅)ခရိုင်ဖြစ်သည့် မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ သရက်၊ ဂန့်ဂေါ၊ ခရိုင်များအတွင်း အမှုကြီး(၁၀)မျိုး။ ဖြစ်ပွားမှု (၁၉၉)မှုမှာ တရားစွဲဆိုမှု (၁၆၅)မှု၊ ပိတ်သိမ်းအမှု(၅)မှု ၊ လက်ကျန်အမှု(၂၉)မှုတို့ဖြစ်တယ်။ အခြားအမှု(၁၀)မျိုးမှာ ဖြစ်ပွားခဲ့တာ (၅၂၄၇)မှုရှိတယ်။ တရားစွဲဆို အမှု (၃၃၄၀)မှု ပိတ်သိမ်းအမှုက (၁၄၆)မှု လက်ကျန်အမှုက (၁၇၆၁)မှုဖြစ်ပါတယ်။ ကြိုတင်ကာကွယ်မှုက ဖြစ်ပွား ခဲ့တာ (၁၆၀၃၁)မှုရှိတယ်။ ဒီထဲက တရားစွဲဆိုအမှုက (၁၅၈၆၂)မှု၊ ပိတ်သိမ်းအမှုက (၂၃)မှုနဲ့ လက်ကျန်အမှု (၁၄၆)တို့ ဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁ရခုနှစ်တွင် အမှုကြီး(၁၀)မှုမှ (၂၁၂)ဖြစ်ပွားခဲ့ပြီး တရားစွဲဆိုမှု(၂၀၆)မှု၊ ပိတ်သိမ်းမှု (၅)မှု၊  လက်ကျန်အမှု(၁)မှု၊  အခြားအမှု(၅၄၁၇)မှု ဖြစ်ပွားခဲ့ရာ တရားစွဲဆိုမှု (၄၈၄၁)မှု ပိတ်သိမ်းအမှု (၅၀၇)မှု လက်ကျန်အမှု (၆၉)မှု၊ ကြိုတင်ကာကွယ်မှု (၂၂၆၆၈)မှု ဖြစ်ပွားခဲ့ပြီး တရားစွဲဆိုမှု (၂၂၆၂၈)မှု၊ ပိတ်သိမ်း အမှု(၃၇)မှု၊ လက်ကျန်အမှု(၃)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂၀၁ရခုနှစ်က မှုခင်းဖြစ်ပွားခဲ့မှုဟာ ၂၀၁၈ခုနှစ်မှာ ဖြစ်ပွားမှု လျော့နည်းကျဆင်းလာခဲ့ပါတယ်၊ မှုခင်းဖြစ်ပွားမှုတွေဟာ တိုင်းအတွင်း လူဦးရေဖွံ့ဖြိုးတိုးတက်လာတာတွေ လူနေမှုစရိုက်အဆင့်အတန်းတွေမှာ မှုခင်းဖြစ်ပွားမှုတွေ ဆက်နွယ်နေပါတယ်။ ကျွန်တော်တို့က မြန်မာနိင်ငံရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ရပ်ရွာ အေးချမ်းသာယာရေးနဲ့တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းလုံခြုံရေးဆောင်ရွက်ရတဲ့လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အဓိကရည်မှန်းချက်တွေကို အောင်မြင်အောင် ပုံဖော် ဆောင်ရွက်နေပါတယ်” ဟု ရဲမှူးကြီးခင်မောင်လတ်က ဆက်ပြောသည်။

‌မကွေးတိုင်းဒေသကြီးအတွင်း၌ အမှုကြီးများ လျော့နည်းကျဆင်းလာရေးအတွက် ပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာအားနည်းပြီး ဒေါသစိတ်မထိန်းနိင်သည့်အခါ လူသတ်မှုဖြစ်ပွားမှုများ ရှိနေသဖြင့် လက်နက်များကိုင်ဆောင်ကာ အမှုကြီးများ မဖြစ်ပွားစေရန် ပိတ်ဆို့ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် မုဒိမ်းမှု ဖြစ်ပွားမှုလျော့နည်းစေရန်အတွက် ပညာပေးခြင်းများ လူကုန်ကူးမှု ကာကွယ်ရေး ဟော ပြောခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စာသင်ကျောင်းများနှင့် ကျေးလက်ဒေသများအထိ ကွင်းဆင်း ပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပညာပေးဟောပြောဆောင်ရွက်မှုများ များများ လုပ်ဆောင်လာပါက ပြည်သူများ သတိပြုမည်ပြီး မှုခင်းများလျော့နည်းကျဆင်းလာမည်ဟု ရဲမှူးကြီး ခင်မောင်လတ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required