တနင်္သာရီဝန်ကြီးချုပ်ကို တိုင်ကြားထားသည့်စာ ပါတီဗဟိုကိုရောက်ရှိ

တနင်္သာရီဝန်ကြီးချုပ်ကို တိုင်ကြားထားသည့်စာ ပါတီဗဟိုကိုရောက်ရှိ

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ။          ။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ကို တိုင်ကြားသည့် စာတစ်စောင် NLD ပါတီ (ဗဟို) ဌာနချုပ်သို့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ရောက်ရှိလာသည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“စာထဲမှာပါတဲ့အကြောင်းအရာက မီဒီယာထဲမှာ ပါသလောက်ပဲဖြစ်နေတယ်။ ကျွန်တော်တို့ကဒီထက်ပိုပြီး တိကျစေချင်တယ်။ ဒါပေမယ့် တိုင်ကြားသူတွေက သူတို့ဖုန်းနံပါတ်တွေပါတော့ သူတို့ကို ခေါ်မေးရင်တော့ ပိုပြီး တိတိကျကျ သိရမှာပေါ့” ဟုဒေါက်တာမျိုးညွန့်ကဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မီဒီယာများတွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အနေဖြင့် ဆွေမျိုးသားချင်းများအား ကိုယ်ရေးအရာရှိ ခန့်အပ်သည့်ကိစ္စများ ၊ ဆွေမျိုးသားချင်းများ ပါဝင်သည့် ကုမ္ပဏီအား တင်ဒါချထားပေးသည့် ကိစ္စရပ်များ ရှိနေသည်ဟု ရေးသားဖော်ပြထားခဲ့သည်။

အဆိုပါကိစ္စရပ်များအပေါ်အခြေခံပြီး အမျိုးသားဒီမိုကရေစီပါတီ ဌာနချုပ်သို့ တိုင်ကြားစာ ရောက်ရှိလာခြင်း ဖြစ်သည်။

တိုင်ကြားစာကိစ္စနှင့်ပတ်သက်ပြီး ပါတီအနေဖြင့် ခိုင်လုံမှုရှိမရှိ တိတိကျကျစုံစမ်းသွားမည်ဖြစ်ပြီး လုပ်ထုံး လုပ်နည်း အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်သည် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်စိုးနှင့် ခယ်မတော်စပ်ပြီး ဦးအောင်စိုး၏ သမီးဖြစ်သူကို ဝန်ကြီးချုပ်က ၎င်း၏ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၆ ဧပြီ  ၁ ရက်စွဲဖြင့် လက်မှတ် ရေးထိုးထုတ်ပြန်ထားသည့် ကြေညာချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များသည် မိမိတို့၏ဇနီး၊ ခင်ပွန်း၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ သမက်၊ ချွေးမ၊ တူ၊ တူမ နှင့် မြေးမြစ်တို့ကို ဌာနဆိုင်ရာ အဖွဲ့ အစည်းများတွင် ကိုယ်ရေး အရာရှိ ရာထူးတာဝန်များ ခန့်အပ်ခြင်းမပြုရန်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းကိုသာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရွေးချယ်တာဝန်ပေးရန် ဟု ဖော်ပြပါရှိသည်။

 

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly