မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် အထောက်အထားမဲ့ (၄)ဦးဖမ်းမိ

By တင်ရွှေ( မဇ္စျိမ)
24 January 2019
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် အထောက်အထားမဲ့ (၄)ဦးဖမ်းမိ

မကွေး၊ ဇန်နဝါရီ ၂၄ ။         ။ မင်းလှမြို့နယ် လှေ့စဉ်အုပ်စု၊ကျောက်ထပ်ကျေးရွာအနောက်တောင်ဘက်(၁)မိုင်ခန့် အကွာရှိ တောတွင်းမှ အထောက်အထားမဲ့ (၄)ဦးကို ဇန်နဝါရီလ၂၄ရက် နေ့လယ် ၁၂နာရီ ၅ဝမိနစ်အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းက သိရသည်။

“နေ့လယ် ၁၂နာရီခွဲအချိန်က လှေ့စဉ်ကျေးရွာအုပ်စု၊ ကျောက်ထပ်ကျေးရွာအုပ်ချုပ်ရေးမှူးက မသင်္ကာဖွယ်ရာ လူစိမ်းတွေ ရွာအနီးနားမှာ တွေ့ရှိခဲ့ကြောင်းသတင်းပေးပို့ခဲ့လို့ တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်စိစစ်ရှာဖွေခဲ့ပါတယ်။နေ့လယ် ၁၂နာရီ ၅ဝမိနစ်အချိန်မှာ ကျောက်ထပ်ကျေးရွာရဲ့ အနောက်တောင်ဘက်(၁)မိုင်ခန့်က တောထဲကိုရှာဖွေရာက အထောက်အထားမဲ့ဝင်ရောက်လာတဲ့ အမျိုးသား(၄)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်” ဟု မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မျိုးမင်းထွန်းက ပြောသည်။

ဖမ်းဆီးရမိခဲ့သူများကို မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ခေါ်ဆောင်လာခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ပူးပေါင်းစစ်ဆေးကာ မပတအက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအထက်မင်းလှမြို့တွင် ၂၀၁၈ခုနှစ်မတ်လမှစတင်၍ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၄ရက်အထိ ဖမ်းဆီးရမိခဲ့သည် အထောက်အထားမဲ့ ဝင်ရောက်လာသူဦးရေသည်  (၁၅၁)ဦးရှိခဲ့ပြီဖြစ််ကြောင်း ရေနံမ နယ်မြေရဲစခန်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly