ဘုန်းကြီးကျောင်းတွင်လုပ်ကိုင်နေသည့် ဘောလုံးလောင်းကစားနှင့် ချဲထီဒိုင်များကို ဖမ်းဆီး

ဘုန်းကြီးကျောင်းတွင်လုပ်ကိုင်နေသည့် ဘောလုံးလောင်းကစားနှင့် ချဲထီဒိုင်များကို ဖမ်းဆီး
ဓာတ်ပုံ - မြတ်သစ်ခိုင်

ဇန်နဝါရီ ၂၄ ။          ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ဆင်တဲဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းတိုက်များတွင် ဘောလုံးလောင်းကစားနှင့် ချဲထီလောင်းကစားများကို လုပ်ကိုင်နေကြသူများအား ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွှဲပိုင်းက နယ်မြေရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ထိုကျောင်းဝင်းအတွင်းရှိ အရှေ့ဆင်တဲတိုက်အုပ်ကျောင်းတိုက်နှင့် ဓမ္မဂုဏ်ရည်ကျောင်းတိုက်များတွင် လောင်းကစားများပြုလုပ်နေသည်ဟု သိရှိပြီး မြို့နယ်သံဃနာယကနှင့် သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တို့က ပြီးခဲ့သည့် လပိုင်းအတွင်းက သုံးကြိမ်မြောက်အထိ သတိပေးခဲ့သော်လည်း ဆက်လက် လုပ်ကိုင်နေသဖြင့် ယခုလို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းကျောင်းတိုက်နှစ်ခုသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် တည်ရှိပြီး ဖမ်းဆီးစဉ်က မြို့နယ်သံဃနာယကအဖွဲ့၊ သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် အမှတ် ၃ နယ်မြေ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

"လူပုဂ္ဂိုလ်တွေတော့ အခုစခန်းက အရေးယူထားသလို ကျောင်းထိုင် နှစ်ပါးကိုလည်း လူဝတ်လဲပြီး သာသနာ ညှိုးနွမ်းစေမှုနဲ့ အရေးယူထားပါတယ်။"ဟု ချမ်းအေးသာစံမြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှဴး ဆရာတော် ဦးဓမ္မက မဇ္စျိမသို့ မိန့်ကြားသည်။

ဖမ်းဆီးမှုတွင် အရှေ့ဆင်တဲတိုက်အုပ် ကျောင်းတိုက်အတွင်း လောင်းကစားဒိုင်ပြုလုပ်နေသူ ဦးညီညီလွင်နှင့် မသဇင်ခိုင်တို့အား နှစ်လုံး၊ သုံးလုံး၊ ဘောလုံးလောင်းကစားရာတွင်ပြုလုပ်သည့် ငွေစက္ကူရောရာ ကျပ်သိန်းဂဏန်းနှင့် လောင်းကစားအသုံးပြုရာတွင်ပါဝင်သော လက်ပ်တော့(၇)လုံး၊ ပရင်တာ(၁)လုံး၊ ငွေရေစက်(၁)လုံးနှင့် သံသေတ္တာ(၂)လုံးတို့အား ဖမ်းဆီးရမိခဲ့သည်။

ဓမ္မဂုဏ်ရည်ကျောင်းတိုက်တွင် လောင်ကစားဒိုင်ပြုလုပ်နေသူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးလောင်းကစားရာတွင်အသုံးပြုသည့် လက်တော့(၆)လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ ပရင်တာ(၁)လုံးနှင့် လက်စွဲမီးစက်(၁)လုံးနှင့်ငွေစက္ကူများ ဖမ်းဆီးရမိခဲ့သည်။

ထွက်ပြေးလွတ်မြောက်သွားသူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေမှုများ ပြုလုပ်နေပြီး ဖမ်းဆီးရမိထားသည့် ကျောင်ထိုင်နှစ်ပါးကို လူဝတ်လဲပြီး သာသနာတော် ညှိုနွမ်းစေမှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု နယ်မြေရဲတပ်ဖွဲ့မှ သိရသည်။

လူပုဂ္ဂိုလ် နှစ်ဦးဖြစ်သည့် ဦးညီညီလွင်နှင့် မသဇင်ခိုင်တို့ကို အမှတ် ၃ နယ်မြေ ရဲစခန်းတွင် (ပ) ၅၄/၂၀၁၉၊ လောင်းကစား ဥပဒေပုဒ်မ ၁၅ /၁၆ တို့ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျှက်ရှိသည်။

ယခုကဲ့သို့ ဘုန်းကြီးကျောင်းအတွင်း လောင်းကစားမှုများပြုလုပ်နေသော ဒိုင်ကိုင်နေကြသော ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြား ဘုန်းကြီးကျောင်းများကိုလည်း ဆက်လက် ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု ထို ပူးပေါင်းဖမ်းဆီးအဖွဲ့က ဆိုပြီး လက်ခံသည့် ကျောင်းထိုင်များကိုလဲ လူဝတ်လဲကာ အရေးယူသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly