မြန်ဆန်သောအလဲထိုးကွက်၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ပြောပြခဲ့တဲ့ Mohammed Bin Mahmoud

မြန်ဆန်သောအလဲထိုးကွက်၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ပြောပြခဲ့တဲ့ Mohammed Bin Mahmoud

Mohammed “Jordan Boy” Bin Mahmoud သည် ၎င်း၏ ONE Championship ပွဲဦးထွက်ပြိုင်ပွဲဖြစ်သော ONE: Destiny of Champions ပြိုင်ပွဲကြီးတွင် ဂရိနိုင်ငံသားပြိုင်ဖက် Stergos Mikkios အား စက္ကန့် ၁၈၀ အတွင်း အလဲထိုး အနိုင်ယူနိုင်ခဲ့သူဖြစ်ပြီးနောက် သတင်းမီဒီယာများထံသို့ ဝင့်ကြွားစွာအောင်ပွဲခံခဲ့သူဖြစ်သည်။

“အလဲထိုးကွက်မှာ အမှန်တော့ လျှို့ဝှက်ချက်ဆိုတာမရှိပါဘူး” ဟု Mahmoud က The Sun Daily ၏ အင်တာဗျူးတွင် ဖြေကြားသွားခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားခန်းမကြီးတွင် ကျင်းပခဲ့သောပွဲ၌ Mohammed ၏ ကစားကွက်ကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရသူတို့အဖို့ အသက်၂၂ အရွယ်ရှိ ၎င်း၏  ကိုယ်ခံပညာစွမ်းရည်နှင့် ပတ်သက်သော ပါရမီစွမ်းရည်ထူးကဲပုံကို သိရှိခဲ့ကြမည်မှာ မလွဲပင်။

ပထမအကြိမ် ခေါင်းလောင်မြည်တီးချိန်မှ စ၍ Mohammed နှင့် Mikkios တို့ နှစ်ဦးသား ကိုယ်စီ စတင်အရှိန်ယူခဲ့ကြသည်။

မကြာမီအချိန်တွင် Mohammed သည် ၎င်း၏ အရှိန်ပြင်းသော ညာတံတောင်ဖြင့် Mikkios ၏ မေးစေ့သို့ ရိုက်ချနိုင်ခဲ့သည်။

သို့သော်လည်း ဒိုင်မှ ၁ မှ ၁ဝ အတွင်း ရေတွက်ချိန် မကုန်ဆုံးမီအတွင်းပင် Mikkios သည် ခြေဦးပြန်မော့လာနိုင်သည့်အတွက် Mohammed က အချိန်များများမကုန်မီ ကျန်ရှိနေသည့် အချိန်အတွင်း ညာကန်ချက်နှင့် ဘယ်ကန်ချက် နှစ်မျိုးစလုံးကို ဆက်တိုက်အသုံးပြုကာ ပြိုင်ဖက်ကို အလဲထိုးအနိုင်ယူခဲ့သည်။

Mohammed သည် ၎င်း၏ အလျင်အမြန်ပွဲသိမ်းကွက်မှာ Sampuri Muay Thai အားကစားရုံရှိ လေ့ကျင့်ရေးများ၏ အကျိုးကျေးဇူးကြောင့်ဟု ပွဲပြီးပြီးချင်း အင်တာဗျူးတွင် ဖြေခဲ့သည်။

“ကျွန်တော် ခါးပတ်ကို သိမ်းပိုက်ပြီး အိမ်ကို ပြန်ခဲ့မယ်လို့ ပြောခဲ့သလို တကယ်ဖြစ်လာတာက ကျွန်တော့်ရဲ့ အားကစားလေ့ကျင့်ရေးတွေကို တစိုက်မတ်မတ် ကြိုးစားလေ့ကျင့်ခဲ့တာကြောင့်လို့ထင်ပါတယ်”

“ကျွန်တော် တစ်နေ့သုံးကြိမ် စခန်းသွင်းလေ့ကျင့်ရေးကို ခြောက်ပတ်ဆက်တိုက် လုပ်ခဲ့ပါတယ်။ ကျွန်တော် မနက်ပိုင်းဆို ခွန်အားသုံးပြီး တုံ့ပြန်မှုနဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေးတွေကို လေ့ကျင့်ဖြစ်ပါတယ်။ နောက်ပြီး မနက်ပိုင်း အနှေးအပြေးလေ့ကျင့်ရေးမတိုင်ခင်ကို တစ်နာရီကြာလောက် အကြောဆန့်လေ့ကျင့်ခန့်တွေကို သေချာလုပ်ဖြစ်ပါတယ်။ ဒီစခန်းသွင်းလေ့ကျင့်ရေးက
 အတော့်ကို ခက်ခဲပြင်းထန်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီလိုဆုရယူနိုင်ဖို့ လုပ်ခဲ့တာပါ” ဟု Mohammed က ဆိုခဲ့သည်။

ထို့နောက် မလေးရှားနိုင်ငံသား တက်သစ်စကြယ်ပွင့်တစ်ဦးဖြစ်သူ Mohammed သည် နေ့လယ်ပိုင်းမှစ၍ ကိုယ်ကာယလေ့ကျင့်ခန်းများမှ အနားယူပြီး ၎င်း၏ စိတ်ဓာတ်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် မျှတစွာ လေ့ကျင့်ခဲ့သည်။

“ကျွန်တော်က အားလပ်ချိန်တော်တော်များများကို ဂိမ်းကစားတာမျိုး၊ Giorgio Petrosyan လိုမျိုး ကျွန်တော့် အကြိုက်ဆုံးမွေထိုင်းကစားသမားတွေရဲ့ ကစားကွက် ဗီဒီယိုများကြည့်တာနဲ့ ကုန်ဆုံးစေပါတယ်” ဟု ၎င်းက ပြောပြခဲ့သည်။

Mohammed သည် ညနေပိုင်း လေ့ကျင့်ရေးအစီအစဉ်များတွင် ခန္ဓာကိုယ်တုံ့ပြန်ခြင်း၊ လျင်မြန်စွာတိုက်ခိုက်သော နည်းဗျူဟာများနှင့် အလွတ်တမ်းလက်ဝှေ့နည်းများကို ဦးစားပေး လေ့ကျင့်နေခဲ့သည်။

“ညပိုင်းလေ့ကျင့်ရေးကတော့ ကျွန်တော်အကြိုက်ဆုံးအပိုင်းပေါ့” ဟု ၎င်းက စနောက်ရင်း “ကျွန်တော်မွေထိုင်းကစားကွက်များကို ငါးမိနစ်သာသာလောက်လေ့ကျင့်အပြီးမှာမှ တံတောင်၊ ကန်ချက်နှင့် ထိုးချက်စတာတွေကို နာရီဝက်လောက် လေ့ကျင့်ဖြစ်တယ်” ဆိုခဲ့သည်။

Mohammed သည် အချို့သောနေ့ရက်များတွင် လေ့ကျင့်ခန်းတွေလုပ်ဖို့ စိတ်ခွန်အားမရှိသည့် အချိန်များ ရှိတတ်သော်လည်း ထိုအချိန်များတွင် စိတ်ခွန်အားများပေးတတ်သည့် Zarimi နှင့် Zariman Sampuri နည်းပြနှစ်ဦးအပြင် အကိုဖြစ်သူ Nidal Mahmoud လည်း ရှိနေသည်။

“သူတို့က အဆက်မပြတ်ကို တွန်းအားပေးတတ်ပါတယ်။ သူတို့က “ကကြီး” ကနေ  “အ” အထိကို အစစအရာရာမှာ ကူညီလမ်းပြသူတွေပါ” ဟု ၎င်းက ဆိုခဲ့သည်။

ထိုကဲ့သို့သော အလဲထိုးအောင်မြင်မှုမှာ အပြင်းအထန် လေ့ကျင့်ရေးများ၏ ရလဒ်တခုဟု ဆိုနိုင်သည်။ Mohammed သည် ယခုနှစ်အတွက် ONE Championship ၏ နိုင်ပွဲများကို ရယူရန် အသင့်ရှိနေပြန်သည်။

ယခုလာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Asia Arena အားကစားရုံကြီး၌ ကျင်းပမည့် ONE: HERO’S ASCENT ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ ၎င်းပြိုင်ပွဲကြီး၌ Mohammed သည် ONE Super Series မွေထိုင်းတွဲဆိုင်းများ၏ ဘန်တန်ဝိတ်တန်းအတွက် ဂျပန်နိုင်ငံသား Hiroaki Suzuki နှင့်အတူ ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယခုအချီသည် Mohammed အတွက် မနီလာမြို့ရှိ ပရိတ်သတ်များကြားတွင် ၎င်းအား အံ့သြမှင်သက်ချီးကျူးစေမည့် မှတ်တမ်းကို ဖန်တီးနိုင်ရန် အခွင့်အရေးတစ်ခုရစေပြီး ရှေ့လျောက် ၂၀၁၉ ခုနှစ် တစ်ခုလုံးတွင် ထွန်းတောက်လာမည့် ကြယ်ပွင့်ကစားသမားအဖြစ် ရပ်တည်နိုင်စေတော့မည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly