ကျပ်သိန်း ၁ဝဝဝ ကျော်လိမ်လည်မှုဖြင့် တရားစွဲခံရသူ ဒေါ်နန္ဒမာလာအား ကျပ်​သိန်​း ၁ ​သောင်​းဖြင့် အာမခံပေး

ကျပ်သိန်း ၁ဝဝဝ ကျော်လိမ်လည်မှုဖြင့် တရားစွဲခံရသူ ဒေါ်နန္ဒမာလာအား ကျပ်​သိန်​း ၁ ​သောင်​းဖြင့် အာမခံပေး
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇန်နဝါရီလ ၂၄ ။          ။ ယောဂီဝတ်ဖြင့် ကျပ်သိန်း ၁ဝ၅ဝ ကို လိမ်လည်ခဲ့သည်ဟုဆိုကာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲခံထားရသော ဒေါ်နန္ဒမာလာအား ကျပ်​သိန်း ၁ ​သောင်းခံဝန်​သူ ၂ ဦးဖြင့် မြို့နယ်​တရားသူကြီးက အချုပ်​လွတ်​အာမခံ ​ပေးလိုက်​သည်​။

ဇန်နဝါရီလ ၂၄ ရက်နေ့၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ဒေါ်နန္ဒမာလာအား ၂ ကြိမ်​မြောက်​ ရုံးထုတ်ခဲ့ပြီး​​နောက်​စွဲဆိုထားသည်​့  ပုဒ်​မ- ၄၂ဝ မှာအာမခံ​ပေးရမည်​့ ပုဒ်​မဖြစ်​သည်​့အတွက်​ မြို့နယ်​တရားသူကြီးက ကျပ်​သိန်း ၁ ​သောင်းဖြင့် အချုပ်​လွတ်​အာမခံ ​ပေးလိုက်​ခြင်း ဖြစ်​သည်​။

" အာမခံကို​တော့ ​သေ​သေချာချာလည်း သုံးသပ်​​ပေးပါတယ်​။ တရားလိုဘက်​ကတင်​ပြတာကို​ရော၊ တရားခံဘက်​က တင်​ပြတာကို​ရော ​သေ​ချာဖတ်​ပြပါတယ်​။ ပုဒ်​မ- ၄၂ဝ က​တော့တဲ့ အာမခံ​ပေးရမယ်​့ ပုဒ်​မဖြစ်​တယ်​။ ဒါ​ပေမယ့် အမှု​တွေစွဲထားတာ ရှိတယ်​။ အမှု​တွေလည်​းရင်​ဆိုင်​​နေရတာရှိတယ်​။ ဒါ​ကြောင့်မို့လို့ သူ့ကို ခံဝန်​ ကျပ်​သိန်း ၅ဝဝဝ တန်​နှစ်​​ယောက်​(နှစ်​​ယောက်​​ပေါင်း ကျပ်​သိန်း ၁ ​သောင်​း)ကို ရုံးက​နေအာမခံ​ပေးလိုက်​တယ်​"ဟု တရားလိုဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စိုးစိုးနွဲ့က ပြောသည်။

အမှုနှင်​့ပတ်​သက်​ပြီး ပြီးခဲ့သည့် ဇန်​နဝါရီလ ၂၁ ရက်​​နေ့တွင်​ အမှုတွင်လိုက်ပါဆောင်ရွက်မည့် နှစ်ဖက်ရှေ့နေပါဝါတင်ခဲ့ပြီးနောက် စွပ်​စွဲခံရသူဘက်​မှ အာမခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။

တရားလိုဖြစ်သူ မသန္တာဦးက ဒေါ်နန္ဒမာလာအား ယောဂီဝတ်ဖြင့် ကျပ်သိန်း ၁ဝ၅ဝ လိမ်ယူခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၂ဝ/ ၇၅ ဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက် တရားစွဲဆိုထားခြင်း ဖြစ်သည်​။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင်လည်း ဒေါ်နန္ဒမာလာနှင့် ဦးနေဝင်းနိုင်တို့နှစ်ဦးကို ဦးနေမျိုးနိုင်က တရားလို ပြုလုပ်၍ ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှုဖြင့် တရားစွဲထားမှုရှိပြီး ၎င်းတို့နှစ်ဦးအား တရားသူကြီးက ကျပ်သိန်း ၁ သောင်းဖြင့် အာမခံပေးထားသည်။

ထို့ပြင် ဒေါ်နန္ဒမာလာမှာ ကျပ်သိန်း ၆ဝဝဝ လိမ်လည်မှုဖြင့် ဒေါ်နေဇင်မြင့်ဆိုသူ အမျိုးသမီးက မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရားရုံးတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က တရားရုံးဦးတိုက်လျှောက်တရားစွဲထားသဖြင့် ထိုတွင်လည်း အမှုရင်ဆိုင်နေရပြီး အချုပ်လွတ်အာမခံရရှိထားသည်။

 ဒေါ်နန္ဒမာလာမှာ ၂ဝ၁၃ ခုနှစ်အတွင်း ငွေကြေးလိမ်လည်မှုဖြင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရား ရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး တရားရုံးသို့ လာရောက်ရန်ပျက်ကွက်မှုများကြောင့်  ၂ဝ၁၅ ခုနှစ်တွင် ဖမ်းဝရမ်း အထုတ်ခံရကာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ညနေ ၆ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် (၂၈၄)တွင် ဒေါ်နန္ဒမာလာအား ၎င်းစီးနင်းလာသည့် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမှတ်(၃) မှုခင်း ရဲတပ်ဖွဲ့ခွဲရုံး၌ လူဝတ်လဲကာ ထိန်းသိမ်းထားခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် CID က မဟာအောင်မြေမြို့နယ်တရားရုံးသို့ပို့ဆောင်ခဲ့ကာ ဒေါ်နန္ဒမာလာ၏ အာမခံလျှောက်ထားခဲ့သောကြောင့် မြို့နယ်တရားသူကြီးက အာမခံပေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တရားရုံး၌ စွဲဆိုထားသော အမှုနှင်​့ပတ်​သက်​၍ မြို့နယ်​တရားသူကြီးက လာမည်​့ ဇန်နဝါရီလ ၃၁ ရက်နေ့ကိုပြန်​လည်​ချိန်​းဆိုထားသည်​။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly