ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် ကျောင်းသားများ၏ အမှုကို ဖြေလျော့ပေးမည်ဟု ဆို

ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် ကျောင်းသားများ၏ အမှုကို ဖြေလျော့ပေးမည်ဟု ဆို
ယနေ့ ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး ထွက်လာသည့် ကျောင်းသား သုံးဦး (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

ဇန်နဝါရီ ၂၄ ။          ။ ဆန္ဒပြတောင်းဆို၍ ဖမ်းဆီးအရေးယူ ခံထားရသည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများ၏ အမှုကို ဖြေလျော့မှုများ လုပ်ဆောင်ပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၁၀ နာရီက အစိုးရအဖွဲ့ရုံးတွင် ကျောင်းသားခေါင်းဆောင် သုံးဦးနှင့်တွေ့ဆုံပြီး ပြောကြားလိုက်သည်။

ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေးအတွက် အစိုးရအဖွဲ့ရုံးရှေ့တွင် ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းက စတင်၍ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခွင့်တောင်းခဲ့ရာ ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျောင်းသားခေါင်းဆောင် သုံးဦးကို ဝန်ကြီးချုပ်က ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်အနေနဲ့ ကတိကဝတ်ပေးလိုက်တာကတော့ တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ တရားစွဲထားတဲ့ အမှုတွေကို ဖြေလျှော့ပေးသွားမယ်လို့ပြောလိုက်တယ်။ မန္တလေးတိုင်းအတွင်းမှာဖြစ်တဲ့ ကျောင်းသား အသတ်ခံရမှုတွေလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။"ဟု ခေါ်ယူတွေ့ဆုံခံရသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် မြေလတ်ဒေသလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက်မောင်မောင်က မဇ္စျိမသို့ ပြောသည်။

ထိုသို့ခေါ်ယူတွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ ပို့/ဆက် ဝန်ကြီး ဦးဇာနည်အောင်၊ နယ်/လုံ ဝန်ကြီး ၊ တိုင်းတရားလွှတ်တော်ချုပ်၊ ဥပဒေချုပ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်များက ပါမောက္ခချုပ် သုံးဦးတို့ ပါဝင်ခဲ့သည်။

ဆက်လက်၍ ခေါ်ယူတွေ့ဆုံသည့်အထဲတွင် ပါဝင်သည့် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် မိထ္တီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမင်းထက်မြတ်က" ဝန်ကြီးဆွေးနွေးထားတဲ့အတိုင်းပဲ ဒီကိစ္စကို အကောင်းဆုံးကြိုးစားသွားတယ်။ ပုဒ်မတွေ ပြေလျော့သွားတယ် ဆိုရင်တော့ အားရကျေနပ်စရာ တစ်ခုလို့ ပြောလို့ရပါတယ်။ ဝန်ကြီးက လုပ်ပေးမယ်။ ကြိုးစားပေးမယ်ဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့ ဖြည့်စွက်ပြောဆိုချင်တာက တကယ်ကြိုးစားပေးပါ။ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ကို ကတိကဝတ်ပေးကတည်းကိုက ကြိုးစားပေးမယ်လို့ ကျောပုတ်လိုက်တဲ့ ပုံစံမျိုးတော့ မဖြစ်စေချင်ဘူး။"ဟု ဆိုသည်။

သန့်ရှင်းရေးနှင့် လုံခြုံရေး ဝန်ထမ်းများ တိုးမြှင့်ချထားပေးရေးတောင်းဆိုခဲ့သည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ တို့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က လည်းကောင်း ၊ ကိုဘုန်းမြင့်ကျော်ပါ (၄) ဦးကို၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က လည်းကောင်း ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၄၃၅/၅၀၅(ခ)/၁၁၄ ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required