ဟာသလူရွှင်တော် ကင်းကောင်၏ နောက်ဆုံးခရီး ရေဝေးသုဿန်တွင် ပြုလုပ်

ဟာသလူရွှင်တော် ကင်းကောင်၏ နောက်ဆုံးခရီး ရေဝေးသုဿန်တွင် ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ။             ။ ရုပ်ရှင်သရုပ်ဆောင်၊ ဟာသလူရွှင်တော် ကင်းကောင်ရဲ့ နောက်ဆုံးခရီး စျာပနအခမ်းအနားနဲ့ မီးသဂြိုလ်တဲ့ အစီအစဉ်ကို ဇန်နဝါရီလ ၂၄ရက်၊ မနက်၉နာရီက မြောက်ဥက္ကလာ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပြီး မိသားစုဝင်တွေနဲ့ ရုပ်ရှင်လောကသားတွေ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

“ကျွန်တော် သူ့ကို ဆုမတောင်းပေးဘူး။ ဆုတောင်းစရာ မလိုလောက်ဘူး။ သူက ပြည့်မှာ။ သူက ကောင်းတာ လုပ်ခဲ့တဲ့အတွက်၊ မကောင်းတာ မရှိတဲ့အတွက် သူဟာ သူ့ဘဝနဲ့သူ အားလုံးပြည့်စုံသွားလိမ့်မယ်။ ကျွန်တော်ပေးချင်တာကတော့ ကျွန်တော်ပြုခဲ့တဲ့ ကုသိုလ်အားလုံးသူ့ကိုရစေချင်တယ်” လို့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်က ပြောပါတယ်။

သရုပ်ဆောင်ကင်းကောင်သည် ပုပ္ပားတွင်ရုပ်ရှင်ရိုက်ကူးနေစဉ် ရုတ်တရက်ကွယ်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

“အရမ်းစောတာပေါ့ဗျာ။ကျွန်တော်တို့နဲ့ မြပုဏ္ဏမာရော၊ သီးလေးသီးရော၊ ဇွဲရော သုံးဖွဲ့ပေါင်းပြီး ကျွန်တော်တို့ ကဖို့ရှိတယ်။ အခုသူမရှိတော့ ကျွန်တော်တို့ ဘယ်သူနဲ့ ကရမှာလဲဗျာ” လို့ သီးလေးသီးအဖွဲ့ လူရွှင်တော် စိန်သီးက ပြောပါတယ်။

ကင်းကောင်ဟာ သီးလေးသီးရဲ့ ဆေးရောင်စုံအငြိမ့်ပြက်လုံးနဲ့ လူရွှင်တော်တွေအချင်းချင်းရော၊ ပရိသတ်တွေပါ မမေ့နိုင်တဲ့ လူရွှင်တော်တစ်ဦးလည်း ဖြစ်ပါတယ်။

“ကျွန်တော့်ဘဝမှာ အနီးစပ်ဆုံးပြောရရင်တော့ ဆေးရောင်စုံ၊ သီးလေးသီးနဲ့ မျှော်စင်ကျွန်းမှာကတာ။ တစ်ဖက်မှာလည်း ရဲတွေရော၊ ထောက်လှမ်းရေးတွေရော၊ လက်ထိပ်တွေရော အများကြီးပဲ။အဲ့မှာ သူက ကြောက်နေတယ်။ကျော်ထူးရေ အိမ်ပြန်ကြရအောင်။ငါကြောက်တယ်နော်။ပြန်ကြရအောင်လို့ ပြောတယ်။ အဲ့တာလေးက အမှတ်တရပါပဲ” လို့ ဟာသသရုပ်ဆောင် ကျော်ထူးက ဆိုပါတယ်။

လူရွှင်တော်ကင်းကောင်သည် ချွဲကြပ်ရောဂါနှင့် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်ချိန်တွင် အသက်(၅၅)နှစ်ရှိပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly