တူရကီတွင် ကုလားအုတ် နပန်းသတ်ပွဲကျင်းပ

တူရကီတွင် ကုလားအုတ် နပန်းသတ်ပွဲကျင်းပ

ဇန်နဝါရီ ၂၄ ။           ။ တူရကီနိုင်ငံအနောက်ပိုင်းမှာ တည်ရှိတဲ့ Selcuk မြို့မှာ ကုလားအုတ် နပန်းသတ်ပွဲကို ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

ကုလားအုတ် ၁၂၄ ကောင် ပါဝင်ဆင်နွှဲတဲ့ အဆိုပါကုလားအုတ် နပန်းသတ်ပွဲကို လာရောက်ကြည့်ရှုအားပေးတဲ့ ပရိသတ် ၂၀၀၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။

နပန်းသတ်ပွဲအပါအဝင် ကုလားအုတ်အလှပြပွဲကိုပါ ကျင်းပတာဖြစ်တဲ့အတွက် မြို့ထဲမှာ လှည့်လှည်နေတဲ့ ကုလားအုတ်တွေနဲ့ ပိုင်ရှင်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

“ကျွန်တော့်အဖေနဲ့ အဘိုးမှာ ကုလားအုတ်ကိုယ်စီရှိတယ်။ ရိုးရာယဉ်ကျေးမှုပေါ့ဗျာ။ ကျွန်တော့်မှာတော့ တစ်ကောင်မှ မရှိဘူး။ ဒီပွဲကိုတော့ နှစ်တိုင်းလာကြည့်ဖြစ်တယ်။”လို့ ပွဲကြည့်ပရိသတ်တစ်ဦးဖြစ်တဲ့ အဗ်ဒူလာက ပြောပါတယ်။

နပန်းသတ်ပွဲမှာ အနိုင်ရတဲ့ ကုလားအုတ်နဲ့ အလှပြပွဲမှာ အနိုင်ရတဲ့ ကုလားအုတ်တွေကို ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကုလားအုတ် နပန်းသတ်ပွဲကို ၁၈၃၀ ပြည့်နှစ်တွေမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလိုတဲ့ ဒေသခံတွေက ယနေ့တိုင် ဆက်လက်ကျင်းပလာခဲ့တာဖြစ်ပါတယ်။

Selcuk ဒေသခံတွေအနေနဲ့ ၎င်းတို့ရဲ့ ကုလားအုတ် နပန်းသတ်ပွဲကို ဇန်နဝါရီလ၊ တတိယပတ်မှာ နှစ်စဉ်ကျင်းပလျက်ရှိပြီး Canakkale နဲ့ Antalya မြို့တွေမှာတော့ ကုလားအုတ် နပန်းသတ်ပွဲကို ဒီဇင်ဘာလကနေ မတ်လအတွင်းမှာ ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags