ပလောက်ရှိ ဥယျာဉ်ခြံမြေအတွင်း လက်ပစ်ဗုံးများ တွေ့ရှိရ၍ ဒေသခံများ စိုးရိမ်

ပလောက်ရှိ ဥယျာဉ်ခြံမြေအတွင်း လက်ပစ်ဗုံးများ တွေ့ရှိရ၍ ဒေသခံများ စိုးရိမ်
တွေ့ရှိရသော လက်ပစ်ဗုံး

ပလောက်၊ ဇန်နဝါရီလ ၂၃ ။               ။ မြိတ်ခရိုင်၊ ပလောက်မြို့နယ်၊ ၀ါးဇွမ်းအုပ်ကျေးရွာရှိ ဥယျာဉ်ခြံမြေများအတွင်း မပေါက်ကွဲသေးသော  လက်ပစ်ဗုံးများ တွေ့ရှိခဲ့ရ၍ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ဥယျာဉ်ခြံထဲမှာ အခုရက်ပိုင်း လက်ပစ်ဗုံးတွေ ကျရောက်နေတာ တွေ့နေရပါတယ်၊ အလုံးရေ ၁၀ ကျော်လောက် ရှိပါတယ်၊ အခု ဆိုရင် တောရှင်းတာတို့ ကွမ်းသီး/ သီဟိုဠ်စေ့ ကောက်တာတို့ မလုပ်ရဲဘူး ဖြစ်နေပါတယ်၊ မြက်ရိပ်ရင်လည်း မတော်တဆ ဗုံးသီးနဲ့ ထိပြီး၊ ပေါက်ကွဲမှာကို စိုးရိမ် ထိတ်လန့်နေပါတယ်”ဟု  ၀ါးဇွမ်းအုပ်ကျေးရွာနေ တောင်သူ စောအားကျော်ဦးက ပြောသည်။

အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ လေ့ကျင့်ပစ်ခတ်ထားသည့် လက်ပစ်ဗုံးများဟု ဒေသခံများဘက်မှ ပြောဆိုခဲ့ပြီး အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းသည်၊ ၀ါးဇွမ်းအုပ် ကျေးရွာနှင့် အနီးဆုံးတည်ရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လတ်တလော အကြောင်းကြားရှာဖွေနေသည်ဟု တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန့်ဇော်ဦးက ပြောဆိုခဲ့ပြီး ဟုတ်မှန်ခဲ့ပါက ဖယ်ရှားရှင်းလင်းပေးရန် ဆောင်ရွက်သွားမည်ဟု ပြောသည်။

"ဟုတ်ပါတယ်။ ရွာနားမှာ စစ်လေ့ကျင့်ရေး လက်ကျန် ဗုံးတွေ တွေ့ရတယ်လို့ ရွာသွားတွေ ပြောလာလို့ အဲ့ဒီမှာ ရှိတဲ့တပ်ကို ပြန်အကြောင်းကြားပြိီး ရှာခိုင်းနေပါတယ်။ ဘယ်နေရာမှာ၊ ဘယ်အိမ်မှာဆိုတာ တိတိကျကျ မသိရသေးပါဘူး။ တကယ်လို့ တွေ့ရင်တော့ ကျွန်တော်တို့က GE တပ်နဲ့ အတည်ပြုပြီး ဖယ်ရှားရှင်းပေးသွား မှာ ဖြစ်တယ်"ဟု တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန့်ဇင်ဦး က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က မပေါက်ကွဲသေးသည့် လက်ပစ်ဗုံး ၁၀ လုံးကျော်ကို ရွာသားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်း ကိစ္စနှင့်ပတ်သက်ပြီး ပလောက်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးဝေက “ ဒီကိစ္စကို ရွာသားတွေ ကျွန်တော်ဆီ သတင်းပေးပို့တာတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတာမျိုး မရှိသေးပါဘူး၊ ဒီအတွက်ကြောင့် ကျွန်တော် ဘာမှ မပြောနိုင်သေးပါဘူး၊  ကျွန်တော် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ပြီး မေးမြန်း စုံစမ်းကြည့်လိုက်မယ်”ဟု ပြောဆိုသည်။

ယင်း ကျေးရွာနေ အသက် ၄၀ နှစ်နီးပါးရှိ အမျိုးသမီး တစ်ဦးက“ အခုက အရမ်းစိုးရိမ်မိတာက ဒီရာသီမှာ သီဟိုဠ်သီး ပေါ်ချိန် ဖြစ်နေပါတယ်၊  ကလေးတွေ ခြံထဲသွားပြီး၊ သီဟိုဠ်စေ့ သွားကောက်ပြီး၊ မသိနားမလည်ဘဲနဲ့ လက်ပစ်ဗုံးတွေကို ကောက်ယူပြီး ဆော့ကစားမှာနဲ့ ကောက်လာမှာကို စိုးရိမ်နေရပါတယ်”ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly