ဘင်္ဂလားဒေ့ရှ်နဲ့အကြား နယ်စပ်မှာ ပိတ်မိနေတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို အိန္ဒိယ ဖမ်းဆီးထိန်းသိမ်း

ဘင်္ဂလားဒေ့ရှ်နဲ့အကြား နယ်စပ်မှာ ပိတ်မိနေတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို အိန္ဒိယ ဖမ်းဆီးထိန်းသိမ်း
Rohingya people as Indian police officials interrogate suspected Rohingya nationalists at a police station in Karimganj district of Assam, India, 22 January 2019. Photo: EPA

ဇန်နဝါရီ ၂၃ ။               ။ ဘင်္ဂလားဒေ့ရှ်နဲ့ အကြား ထိစပ်နေတဲ့ အိန္ဒိယ နယ်စပ်မှာ ပိတ်မိသောင်တင်နေလျက်ရှိတဲ့ ဘင်္ဂါလီ မွတ်ဆလင် ၃၁ ယောက်ကို အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။

နှစ်နိုင်ငံ နယ်စပ်မှာ ပိတ်မိနေခဲ့တဲ့ အဆိုပါ မွတ်ဆလင်အုပ်စုကိုတော့ အိန္ဒိယရော၊ ဘင်္ဂလားဒေ့ရှ်ရော ဘယ်ဘက်ကမှ လက်မခံခဲ့ကြဘူးလို့ အိန္ဒိယ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဘင်္ဂါလီ အယောက် ၁,၃၀၀ လောက် အိန္ဒိယဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခဲ့ကြပါတယ်။ ဒါဟာ အိမ်နီးချင်း မြန်မာနိုင်ငံဆီ ပြန်ပို့ရာကနေ တဆင့် ပေါ်ပေါက်လာတဲ့ အစုလိုက်အပြုံလိုက် ထွက်ခွာရွှေ့ပြောင်းမှုတစ်ခုလည်း ဖြစ်ပါတယ်။

ကလေး ၁၇ ဦးပါတဲ့ ယခု မွတ်ဆလင်အုပ်စုကတော့ နယ်စပ် အိန္ဒိယဘက်ခြမ်းက သံဆူးကြိုး ခြံစည်းရိုးတွေကို ဖြတ်ကျော်ပြီးနောက် သုံးရက်ကြာ ဘယ်သွားလို့သွားရမှန်း မသိ နယ်စပ်မှာ သောင်တင်နေခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ၎င်း အုပ်စုကို အိန္ဒိယ အာဏာပိုင်တွေဘက် လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ၎င်း မွတ်ဆလင် အုပ်စုကို အိန္ဒိယ အရှေ့မြောက် Tripura ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်မှုနဲ့ စွဲချက်တင်ထားကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

" သူတို့တွေကို ရဲက ထိန်းသိမ်းထားပါတယ်၊ နောက်ထပ် ဘာဆက်လုပ်မယ် အမိန့်တွေ ရဖို့အတွက် မနက်ဖြန်တော့ သူတို့က ဒေသ တရားရုံးတစ်ခုကို ပို့သွားမှာဖြစ်ပါတယ်"လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။

ခုလို ဘင်္ဂါလီတွေကို ထိန်းသိမ်းထားတဲ့ ကိစ္စကို နယူးဒေလီအစိုးရထံ တင်ပြထားပြီးဖြစ်သလို ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီကိုလည်း အကြောင်းကြားသွားမယ်လို့ ၎င်းက ဖြည့်စွက်ပြောသွားပါတယ်။

ဘင်္ဂါလီ အယောက် ၄၀,၀၀၀  လောက် အိန္ဒိယ နေထိုင်နေလျက် ရှိပေမယ့် ပြီးခဲ့တဲ့အပတ်တွေက ယင်း လူနည်းစု အဖွဲ့ဝင်တွေကို နယူးဒေလီအစိုးရက ဖမ်းဆီးပြီး မြန်မာဘက်ကို လွှဲအပ်မှုတွေ လုပ်ခဲ့တယ်လို့ သိရကာ ယင်းလုပ်ရပ်အပေါ်မှာတော့ ကုလနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းထန်စွာ ဝေဖန်ထားခဲ့တယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly