တိုကျိုလေဆိပ်တွင် မောင်းသူမဲ့ ခရီးသည်အကြိုအပို့ဘတ်စ်ကားများ စမ်းသပ်ပြေးဆွဲ

တိုကျိုလေဆိပ်တွင် မောင်းသူမဲ့ ခရီးသည်အကြိုအပို့ဘတ်စ်ကားများ စမ်းသပ်ပြေးဆွဲ

ဇန်နဝါရီ ၂၃ ။           ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်ပေါ်စီးနင်းလိုက်ပါမယ့် ခရီးသည်တွေကို အကြိုအပို့လုပ်တဲ့ မောင်းသူမဲ့ဘတ်စ်ကားတွေကို စမ်းသပ်ပြေးဆွဲနေပြီလို့ သိရပါတယ်။

တိုကျိုမြို့မှာ ကျင်းပမယ့် ၂၀၂၀ ခုနှစ် အိုလံပစ်ပြိုင်ပွဲကို လာရောက်အားပေးမယ့် ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်က ဆင်းလာတာနဲ့ ဘတ်စ်ကားတွေကို ကိုယ်တိုင်စီးနိုင်အောင် လုပ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ မောင်းသူမဲ့ အကြိုအပို့ဘတ်စ်ကားတွေကို စမ်းသပ်ပြေးဆွဲတာဖြစ်ကြောင်း တိုကျိုလေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။

ယင်းကဲ့သို့ မောင်းသူမဲ့ အကြိုအပို့ဘတ်စ်ကားတွေ စမ်းသပ်ပြေးဆွဲရာမှာ လိုက်ထိန်းဖို့ ယာဉ်မောင်းတစ်ဦးကို ရှေ့ခန်းမှာ ထိုင်ခိုင်းထားပေမယ့် အဆိုပါယာဉ်မောင်းက လိုက်ထိန်းစရာမလိုဘဲ ဘတ်စ်ကားက အလိုအလျောက်မောင်းနှင်သွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

“၂၀၂၀ ခုနှစ်၊ တိုကျိုမှာ ပြုလုပ်မယ့် အိုလံပစ်ပြိုင်ပွဲမှာ ခရီးသည်တွေကို အလိုအလျောက်မောင်းနှင်တဲ့ ဘတ်စ်ကားတွေနဲ့ ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ထားပါတယ်။”လို့ ANA လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တာဒါကတ်ဆု မာယာကူချီက ပြောပါတယ်။

ခရီးသည် ၁၀ ဦးတင်ဆောင်နိုင်တဲ့ မောင်းသူမဲ့ ဘတ်စ်ကားဟာ လမ်းပေါ်မှာ မှတ်သားထားတဲ့ သံလိုက်ဆွဲအားတွေနဲ့ GPS တွေကို အသုံးပြုပြီး တစ်နာရီ ၃၀ ကီလိုမီတာ (၁၉ မိုင်)နှုန်းနဲ့ မောင်းနှင်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly