ရုရှ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပါတဲ့ USB ကို မသိဘဲ လက်ခံခဲ့တာဖြစ်လို့ စပိုင်အဖြစ် စွပ်စွဲခံရတဲ့ အမေရိကန်နိုင်ငံသားရဲ့ ရှေ့နေ ပြော

ရုရှ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပါတဲ့ USB ကို မသိဘဲ လက်ခံခဲ့တာဖြစ်လို့ စပိုင်အဖြစ် စွပ်စွဲခံရတဲ့ အမေရိကန်နိုင်ငံသားရဲ့ ရှေ့နေ ပြော
Photo: AFP

မော်စကို၊ ဇန်နဝါရီ ၂၃ ။       ။ ရုရှနိုင်ငံမှာ သူလျှိုမှုနဲ့ စွဲချက်တင်ခံထားရတဲ့ အမေရိကန် မရိန်းတပ်သားဟောင်းဟာ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပါရှိမှန်း မသိဘဲ USB drive ကို လက်ခံခဲ့မိတာလို့ ၎င်းရဲ့ ရှေ့နေဖြစ်သူက သူ့အမှုသည် ချုပ်ရက် ထပ်တိုးခံရတဲ့ ကြားနာမှုအပြီး အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အသက် ၄၈ နှစ်ရှိ အမေရိကန် မရိန်းတပ်သားဟောင်း ပေါလ်ဝီလန်ကို ရုရှ FSB လုံခြုံရေးဌာနက ဒီဇင်ဘာ ၂၈ ရက်မှာ ဖမ်းဆီးချုပ်နှောင်ခဲ့တာပါ။ ပေါလ်ဝီလန်ဟာ သူလျှိုလုပ်ရပ်တွေ လုပ်ဆောင်နေတာကို ထောက်လှမ်းသိရှိထားတယ်ဆိုပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပေါ်ဝီလန်ဟာ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပါတဲ့ USB ကို ရုရှရဲ့ ယဉ်ကျေးမှု အချက်အလက်တွေလို့ ထင်ပြီး လက်ခံခဲ့တာဖြစ်တယ်လို့ ၎င်းရဲ့ ရှေ့နေဖြစ်သူ ဗလာဒီမာဇီရီဘန်ကော့ဗ်က ပြောပါတယ်။

“ပေါလ် လက်ခံခဲ့တဲ့ USB မှာ အမှန်ဘဲ နိုင်ငံတော်လျှို့ဝှက်ချက် ပါရှိနေတာပါ။”လို့ ဇီရီဘန်ကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့် အဲဒီ USB ထဲမှာ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပါရှိနေတာကို ဝီလန်က မသိရှိကြောင်း ၎င်းက အလေးအနက်ထား ပြောပါတယ်။

“တကယ်ဖြစ်ခဲ့တာက ပေါလ်က နို်င်ငံတော် လျှို့ဝှက်ချက်လို့ မထင်ဘဲ ရိုးရိုး သတင်းအချက်အလက်လို့ အထင်နဲ့ လက်ခံခဲ့တာပါ။ သူ့အနေနဲ့ ဖမ်းဆီးခံလိုက်ရတာကြောင့်လည်း အဲဒီ USB ကို ဖွင့်မကြည့်ခဲ့ရဘူး။ သူဟာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ရယူခဲ့တာပါ။ ဒီထက်ပိုပြီး ဘာမှ လုပ်ဆောင်တာမဟုတ်ဘူး။”လို့ ဇီရီဘန်ကော့ဗ်က ပြောပါတယ်။

ခုလို ရုရှနိုင်ငံက ဝီလန်ကို သူလျှိုမှုနဲ့ ဖမ်းဆီးတာဟာ မာရီယာဘူတီနာဆိုတဲ့ ရုရှအမျိုးသမီးတစ်ဦးကို အမေရိကန်က ဖမ်းဆီးတာအပေါ် လက်တုံ့ပြန်တာလို့လည်း တစ်ချို့က ယူဆလျက် ရှိနေပါတယ်။

လက်နက်အခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်တဲ့ မာရီယာဘူတီနာကို နိုင်ငံခြားအေဂျင့်တစ်ဦးဖြစ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ထောင်ဒဏ် ခြောက်လနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly