ဖမ်းဆီးထားတဲ့ ကနေဒါနိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကို တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်

ဖမ်းဆီးထားတဲ့ ကနေဒါနိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကို တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်
Photo: AFP

ပေကျင်း၊ ဇန်နဝါရီ ၂၂ ။     ။ အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးထားတဲ့ ကနေဒါနိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပေးဖို့ သံတမန်ဟောင််းတွေနဲ့ ပညာရှင်တွေပါတဲ့ အဖွဲ့တစ်ဖွဲ့က သမ္မတ ရှီကျင့်ဖျင်ထံ စာရေးသားလက်မှတ်ထိုးပြီး တောင်းဆိုတာကို တရုတ်နိုင်ငံဟာ အင်္ဂါနေ့မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။

သံတမန်ဟောင်း မိုက်ကယ်ကော့ဗ်ရတ်ချ်နဲ့ စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်စပါဗားတို့နှစ်ဦးကို တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုပြီး ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဒီလို ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးတာဟာ ကနေဒါနိုင်ငံက အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့ ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ် မန်ဝေါင်ကျို့ကို ဖမ်းဆီးခဲ့တာအပေါ် လက်တုံ့ပြန်တာလို့ တွေးစရာလည်း ဖြစ်နေပါတယ်။ မန်ဝန်ကျို့ကို အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန် တောင်းဆိုမှုနဲ့ ကနေဒါနိုင်ငံက ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်ထံ ပေးပို့တဲ့ အခုစာမှာ ဖမ်းဆီးခံနှစ်ယောက်ဟာ တရုတ်နိုင်ငံအကြောင််း ပိုမိုနားလည်အောင်နဲ့ ကမ္ဘာနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပပ်ဆောင်နေတာပဲ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

“ဒီဖမ်းဆီးမှုဟာ လက်သင့်ခံစရာ မရှိဘဲ တရုတ်နိုင်ငံအတွက်လည်း ဘေးများကြောင်း” နိုင်ငံပေါင်း ၁၉၀ နိုင်ငံမှ လူပုဂ္ဂိုလ်ပေါင်း ၁၄၃ ဦး လက်မှတ်ထိုးထားတဲ့ အဲဒီစာမှှာ ရေးသားထားပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံဖက်က ဒီစာနဲ့ ပတ်သက်ပြီး စိတ်ဆိုးဒေါသနဲ့ တုံ့ပြန်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချောင်ယင်းက ဒါဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ တရားစီရင်ရေးအပေါ် မလေးစားတာဖြစ်ပြီး ကြားဝင်စွက်ဖက်တာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly