ရခိုင်ဒေသ ဆယ်အိမ်မှူးတစ်ဦး AAနှင့်ဆက်သွယ်မှုဖြင့် တရားစွဲခံရ

By ဖြိုးသီဟချို/Myanmar Now
22 January 2019
ရခိုင်ဒေသ ဆယ်အိမ်မှူးတစ်ဦး AAနှင့်ဆက်သွယ်မှုဖြင့် တရားစွဲခံရ

 

ဘူးသီးတောင်မြို့နယ် တရားရုံး (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စစ်ရှောင်စခန်းရောက် ဆယ်အိမ်မှူးတစ်ဦး မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁)(၂)တို့ဖြင့် တရားစွဲခံရသည်ဟု  ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပြောသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ဦးအောင်ထွန်းစိန်သည် အထိန်းသိမ်းခံရပြီး ၂ ရက် အကြာတွင် ထိုသို့ အရေးယူခံရခြင်းဖြစ်သည်ဟု သိရကြောင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ မှ ဦးမောင်ကျော်ဇံကပြောသည်။

သရက်ပြင်ကျေးရွာအုပ်စု အလယ်ချောင်းကျေးရွာ တာဝန်ခံနှင့်ပါဆိုလျှင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဤအမှုဖြင့် အရေးယူခံနေရသည့် ဒေသတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံများ စုစုပေါင်း ၄ ဦး ရှိနေပြီ ဖြစ်သည်ဟု ဆိုသည်။

ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံနေရသည့် အခြား ၃ ဦးမှာ သရက်ပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်၊ ရွာသားများဖြစ်သည့် မောင်ကျော်ဝင်း၊  ဦးအောင်ဌေးတို့ ဖြစ်သည်ဟု သူက ပြောသည်။

“သူတို့ဖွင့်ထားတဲ့ ဥပဒေနဲ့ ငြိစွန်းရင်တော့ အရေးယူပေါ့။ အပြင်က ဖိအားပေးလို့ အမှုဖွင့်ရတာမျိုးတွေ၊ တရားရုံးကို ဖိအားပေးတဲ့ဟာမျိုးတွေက ဒီနေရာမှာ အရင်ကဖြစ်ခဲ့တာမျိုးတွေရှိတယ်။ အဲဒီလိုမဖြစ်စေချင်ဘူးဗျာ” ဟု လွှတ်တော်အမတ်က ပြောသည်။

စစ်ဆေးခံရခြင်း

ရခိုင်မျိုးနွယ်စုဝင် မြိုနှင့်ခမီ တိုင်းရင်းသား အများစု နေထိုင်ကြသည့် အလယ်ချောင်းကျေးရွာသည် ဘူးသီးတောင်-ရသေ့တောင် ကားလမ်းဘေး စိုင်းဒင်ချောင်းအနီးတွင်ရှိပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒေသခံ ၂၆၀ ခန့် စစ်ဘေးလွတ်ရာ ဒုံးသိမ် ဘုန်းကြီးကျောင်းသို့ သွားရောက်ခိုလှုံနေကြပြီး ကျေးရွာတာဝန်ခံကို စစ်ဆေး မေးမြန်းရန်အတွက် ထိုနေရာမှ  လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဒုံးသိမ်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူ ဦးပဒီအောင်က ၎င်းသည် ကျေးရွာတာဝန်ခံနှင့်အတူ ရဲစခန်းသို့ သွားရောက်ခဲ့ကြောင်း၊ အစစ်ဆေးခံပြီး  ရဲစခန်းရှေ့တွင် စောင့်ဆိုင်းသော်လည်း ညနေ ၄ နာရီ ထိုးချိန်အထိ  တာဝန်ခံ ပြန်ထွက်မလာသောကြောင့် ခိုလှုံသည့် နေရာသို့ ပြန်လာခဲ့ကြောင်း ပြောသည်။

ကျေးရွာတာဝန်ခံ၏ သားဖြစ်သူ ကိုဇော်ဝင်းထွန်းကလည်း  ၎င်း၏ဖခင်နှင့်ရွာသား တချို့သည်  ၁၄ ရက်နေ့က စတင်ပြီး   ရဲစခန်းသို့ အကြိမ်ကြိမ် သွားရောက် စစ်ဆေးခံခဲ့ရသည်ဟု ပြောသည်။

“သားတစ်ယောက်အနေနဲ့ စိတ်မကောင်းဘူး၊ စိတ်ပူနေရတာပေါ့” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပိုမို သိရှိရန် မောင်တောင်ခရိုင် နယ်ခြားစောင့်တပ်၊ အမှတ် ၃ တပ်ရင်း၊ တပ်ရင်းမှူး ဦးအောင်ကျော်ဇောကို ယမန်နေ့က ဆက်သွယ်မေးမြန်းရာ ၎င်းက အမှုနှင့် ပတ်သက်ပြီး မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားသည်။ တပ်ရင်းမှူးကို ယနေ့ ထပ်မံဆက်သွယ်နိုင်ခြင်းမရှိပေ။

တပ်မတော် ထုတ်ပြန်ချက်

ဘူးသီးတောင်မြို့နယ် သရက်ပြင်၊ ကြိမ်သာကျေးရွာတို့မှ ၄ ဦးကို မတရားအသင်း ဆက်သွယ်မှုဖြင့် အရေးယူထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုရွာသားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား  စောင့်ကြည့် သတင်းပေးပို့ခြင်းများ ဆောင်ရွက်နေသည်ဟု စစ်ဆေးမေးမြန်း ဖော်ထုတ်သိရှိရသဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည် တပ်မတော်က ထုတ်ပြန်ထားသည်။ ရွာသား နှစ်ဦးသည် AA အတွက် ဆက်ကြေး ကောက်ခံပေးသည်ဟုလည်း တပ်မတော်က စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly