အကောင်အထည်မဖော်ဘဲ လက်ဝါးကြီးအုပ်ထားသည့် မြေဧက ၉သိန်းကျော်ကို ပြန်သိမ်းမည်

အကောင်အထည်မဖော်ဘဲ လက်ဝါးကြီးအုပ်ထားသည့် မြေဧက ၉သိန်းကျော်ကို ပြန်သိမ်းမည်
Photo-EPA

နေပြည်တော်(ဇန်နဝါရီလ ၂၂ရက်၊ ၂၀၁၉ခုနှစ်)။ ။ တစ်နိုင်ငံလုံးတွင် နှစ်ရှည်အငှားချကာ လုပ်ပိုင်ခွင့် ပြုထား သော မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧကပေါင်း ၂၃သိန်းကျော်အနက် ထက်ဝက်နီးပါးကို အမှန်တကယ် အကောင်အထည်မဖော်သောကြောင့် ပြန်လည်သိမ်းယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

 စိုက်ပျိုးရေး၊ မွေးမြူရေး အပါအဝင် ဓာတ်သတ္တုထုတ်လုပ်ခြင်းနှင့် အခြားလုပ်ငန်းများအတွက် တစ်နိုင်ငံလုံးရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧရိယာ ၂၃၂၆၈၉၅ဒဿမ ၃ ဧကကို နှစ် ၃၀ အငှားဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ခွင့်ပြုထားသော်လည်း သတ်မှတ်ကာလအထိ အကောင်အထည် မဖော်သောကြောင့် ပြန်လည်သိမ်းယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒုဝန်ကြီး ဦးကျော်လင်းက ဇန်နဝါရီလ ၂၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

“အဆိုပါ ခွင့်ပြုပြီးသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား သတ်မှတ်ကာလ ၄နှစ် ပြည့်မြောက်ပြီးသည့်် အချိန်အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသော လုပ်ပိုင်ခွင့် ချထားပေးသည့် မြေများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူခဲ့တဲ့ နေရာမှာ ယနေ့အထိ စုစုပေါင်း မြေဧရိယာ ၉၅၄၅၆၈ဒဿမ ၁၁ ဧကကို ပြန်လည်သိမ်းယူရန် အတည်ပြုခဲ့ပြီးဖြစ်ပါတယ်” ဟု ဒုဝန်ကြီးက ဆိုသည်။

သထုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်မာမာခိုင် တင်သွင်းသည့် “နိုင်ငံတွင် တစ်နေ့တခြား လူဦးရေ ထူထပ်များပြားလာခြင်းကြောင့် နေထိုင်ရန်နေရာအခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ စာကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြန်လည်စိစစ်ဖော်ထုတ်၍ မြို့ရွာစီမံချက်ကို စနစ်တကျ အမြန်ဆုံးချမှတ်ဆောင်ရွက်ပေးပါရန်” အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် လာရောက်ရှင်းလင်းစဉ် ပြည်ထောင်စုဒုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “အဓိကကတော့ စားကျက်မြေတွေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အလွဲသုံးစား လုပ်ထားတာတွေ၊ လက်ဝါးကြီးအုပ်ပြီး ယူထားတာတွေကိုလည်း စိစစ်ဖော်ထုတ်ပြီးတော့၊ စီမံချက် ချမှတ်ပြီးတော့ လိုအပ်တဲ့ နေရာတွေမှာ ပြည်သူတွေကို နေထိုင်စရာ၊ နေရာရဖို့အတွက် စီမံပေးဖို့ပဲ ဖြစ်ပါတယ်” ဟု အဆိုရှင် ဒေါ်မာမာခိုင်က လွှတ်တော်တွင် ပြောသည်။

 ထို့ပြင် ငွေကြေးရှိသူများ၊ ရာထူးအရှိန်အဝါ ရှိသူများက လယ်ယာမြေများကို လက်ဦးမှု ရယူပြီး အကွက်ရိုက် ရောင်းချမှု၊ အိမ်ယာဆောက်လုပ် ရောင်းချမှုများအပေါ် သက်ဆိုင်ရာ လယ်ယာမြေဥပဒေများနှင့် တိကျစွာ စိစစ် အရေးယူရန် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များတွင် များစွာ တာဝန်ရှိသည်ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

 ဒေါ်မာမာခိုင်၏ အဆိုကို လွှတ်တော်အမတ် ၁၈ဦးက ဝိုင်းဝန်းဆွေးနွေးကြရာတွင်လည်း လွှတ်တော်အမတ် အများစုက ယခင်အစိုးရအဆက်ဆက်က ချပေးထားသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အမှန်တကယ် အကောင်အထည်မဖော်ဘဲ မြေနေရာဦးထားသည့် ရာခိုင်နှုန်းက ပိုများသည်ဟု ပြောဆိုကြသည်။

ထို့ကြောင့် အဆိုပါ မြေများကို ပြန်လည်သိမ်းဆည်းရန် လိုအပ်သည်ဟု လွှတ်တော်အမတ်များက ဆွေးနွေး ခဲ့ကြသည်။ ယင်းနောက် ဒေါ်မာမာခိုင်၏ အဆိုကို အတည်ပြုရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly