ဆေးရုံဆောက်မည့်နေရာကို သစ်ပင်ဝင်စိုက်သော အရပ်ဖက်အဖွဲ့အစည်း တိုင်းဥက္ကဋ္ဌကို အမှုဖွင့်

ဆေးရုံဆောက်မည့်နေရာကို သစ်ပင်ဝင်စိုက်သော အရပ်ဖက်အဖွဲ့အစည်း တိုင်းဥက္ကဋ္ဌကို အမှုဖွင့်

မကွေး၊ ဇန်နဝါရီ ၂၂ ။              ။ မင်းလှမြို့နယ်၊ ရှမ်းတပ်ငယ်ကျေးရွာတွင် တိုက်နယ်ဆေးရုံဆောက်လုပ်ရန် သတ်မှတ်ထားသည့်မြေနေရာ အတွင်း မကွေးမြို့ရှိ အထက်မြန်မာပြည်စောင့်ကြည့်ရေး အရပ်အဖက်အဖွဲ့အစည်းမှ တိုင်းဥက္ကဋ္ဌဟောင်း အပါအဝင် အရပ်သား(၂)ဦးက သစ်ပင်များ ဝင်ရောက်စိုက်ပျိုးသဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်ကမင်းလှမြို့နယ်၊ရေနံမနယ်မြေ ရဲစခန်းတွင် ဇန်နဝါရီလ၁၉ရက် ညနေ ၅နာရီအချိန်က အမှု ဖွင့်တိုင်ကြားလိုက်ခြင်း ဖြစ်သည်။

မင်းလှမြို့နယ် ရှမ်းတပ်ငယ်ကျေးရွာတွင် တိုက်နယ်ဆေးရုံဆောက်လုပ်ရန် သတ်မှတ်ထားသည့်မြေနေရာအား အထက်မြန်မာပြည်စောင့်ကြည့်ရေးအရပ်ဖက်အဖွဲ့အစည်း တိုင်းဥက္ကဋ္ဌ ဦးခင်မောင်သိန်း၊မဆန်းထူးနှင့်မပြည်တော်သာ တို့မှ၂၀၁၈ခုနှစ်အတွင်း သစ်ပင်များဝင်ရောက်စိုက်ပျိုးနေကြောင်း မြို့နယ်မြေစာရင်းဦးစီးမှူးဦးတင်ထွန်းအောင်၏ တိုင်ကြားစာအရ သိရသည်။

“တိုက်နယ်ဆေးရုံ ဆောက်လုပ်မယ့် မြေနေရာအတွင်းသစ်ပင်များ ဝင်ရောက်စိုက်ပျိုးနေတာကို သိရှိရတာနဲ့ မြို့နယ် လယ်/စီမှ CSOတိုင်းဥက္ကဋ္ဌ ဦးခင်မောင်သိန်း၊မဆန်းထူးနှင့် ဒေါ်ပြည်တော်သာတို့ကို မြေလွတ်၊မြေလပ်၊မြေရိုင်းများတွင် ကျုးကျော်ဝင်ရောက်စိုက်ပျိုးခြင်းမပြုရန်နဲ့ ကျုးကျော်စိုက်ပျိုးခြင်းလုပ်ကိုင်ပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြားစာ အကြိမ်ကြိမ်ပေးပို့ခဲ့တယ်လို့ သိရတယ်”ဟု ရေနံမနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါကိစ္စအတွက် သတ်မှတ်မြေနေရာမှထွက်ခွာရန် အကြောင်းကြားစာများအကြိမ်ကြိမ် ပေးပို့ခဲ့သော်လည်း ထွက်ခွာခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေသဖြင့် ဦးခင်မောင်သိန်းပါ(၃)ဦးကို မြို့နယ် မြေစာရင်းဦးစီးမှူးကဥပဒေအရအရေးယူပေးဖို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး CSO တိုင်းဥက္ကဋ္ဌ ဦးခင်မောင်သိန်း၊ မဆန်းထူးနှင့်မပြည်တော်သာတို့အား ရေနံမနယ်မြေရဲစခန်းက ပအမှတ်(ပ)၅/၂၀၁၉ မြေလွတ်/မြေလပ်/မြေရိုင်းဥပဒေပုဒ်မ ၂၆ဖြင့် အမှုဖွင့်ထားပြီးအမှုစစ်အဖြစ် ရှမ်းတပ်ရဲကင်းမှူး ဒုရဲအုပ်မိုးလွင်က အမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly