မီးပွိုင့် ယာဉ်ထိန်းရဲအဆောက်အဦ နံရံပတ်လည်မှန်များ ရိုက်ခွဲဖျက်စီးသူ ၂ ဦး ဖမ်းမိထား

မီးပွိုင့် ယာဉ်ထိန်းရဲအဆောက်အဦ နံရံပတ်လည်မှန်များ ရိုက်ခွဲဖျက်စီးသူ ၂ ဦး ဖမ်းမိထား
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဇန်နဝါရီလ ၂၂ ။            ။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ သံလမ်းဆုံမီးပွိုင့်ရှိ ယာဉ်ထိန်းရဲ အဆောက်အဦ၏ နံရံပတ်လည် မှန်များ ရိုက်ခွဲဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး လက်ရှိတွင် လူငယ် ၂ ဦးအား ဖမ်းဆီးရမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ယာဉ်ထိန်းရဲ အဆောက်အဦအား ဖျက်စီးမှုဖြင့် ဖမ်းဆီးထားသူများမှာ ရွှေတံခါးရပ်ကွက်နေသူများဖြစ် သည့် အသက် ၂၆ နှစ်အရွယ် ထူးကျော်ခိုင်၊ အသက် ၂၄ နှစ်အရွယ် အောင်မြတ်စိုးတို့နှစ်ဦးဖြစ်သည်။

ဖျက်ဆီးခံရမှု ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်၊ ည ၁၂ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်မြို့၊ အမှတ်- ၃၊ ပြည်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ယာဉ်ထိန်းရဲ အဆောက်အဦ၏ နံရံပတ်လည်မှန်များ ရိုက်ခွဲဖျက်ဆီးသူများမှာ ရွှေတံခါး ရပ်ကွက်နေသူ များဖြစ်သည့် ထူးကျော်ခိုင်၊ အောင်မြတ်စိုး၊ ထန်းပေါက်ကျေးရွာနေ ဇော်ကြီး(စိစစ်ဆဲ)ပါကျား ၃ ဦး၊ စုစုပေါင်း ၅ ဦးတို့မှ ရိုက်ခွဲဖျက်ဆီးနေသည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့အား ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ထူးကျော်ခိုင်နှင့် အောင်မြတ်စိုးတို့ နှစ်ဦးကိုသာ ဖမ်းဆီးရမိခဲ့ပြီး ဇော်ကြီးပါ ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိပြီး ၎င်းတို့ ၃ ဦးအား ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၅ နာရီထိ ဖမ်းဆီးရမိသေးခြင်းမရှိကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါ  ယာဉ်ထိန်းရဲအဆောက်အဦ နံရံပတ်လည်မှန်များ ရိုက်ခွဲဖျက်စီးသူများကို ပြည်မြို့မရဲ စခန်းမှ (ပ) ၁၂၅/၂ဝ၁၉၊ ပပက ၆(၁)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကျန်သူများ ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required