မိတ္ထီလာမြို့နယ်တွင် မီးကြွင်းမီးကျန်မှတဆင့် ကြက်ခြံ မီးလောင်မှုဖြစ်ပွား

By တင်ရွှေ(မဇ္ဈိမ)/ထီလာ ကိုငယ်လေး
22 January 2019
မိတ္ထီလာမြို့နယ်တွင် မီးကြွင်းမီးကျန်မှတဆင့် ကြက်ခြံ မီးလောင်မှုဖြစ်ပွား

မိတ္ထီလာ၊ ဇန်နဝါရီ ၂၂ ။                 ။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကဖြူကျေးရွာအုပ်စု မင်းတဲကုန်းကျေးရွာအနီးတွင် ၂၀၁၉ ဇန်နဝါရီ ၂၂ရက် နံနက် ၁၁နာရီ ၄၅မိနစ်အချိန်က ကြက်ခြံဝန်းအတွင်း အမှိုက်ပုံ မီးရှို့ရာမှ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့နယ်၊ မင်းတဲကုန်းကျေးရွာမြောက်ဘက် (၂)ဖာလုံခန့်အကွာတွင်ရှိသော ကဖြူအုပ်စု မင်းတဲကုန်း ကျေးရွာ၊ မိတ္ထီလာမြို့နယ်နေတွင်နေထိုင်သည့် လင်းလင်း(၃၂)နှစ် (ဘ) ဦးဝင်းမြိုင် ပိုင်ဆိုင်သော ကြက်ခြံဝန်းအတွင်း အမှိုက်ပုံအား မီးရှို့ထားသော မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် အလျား(၁၅၀)ပေ ၊ အနံ(၂၀)ပေ၊ အမြင့်(၁၈)ပေရှိသော သက္ကယ်မိုး ဝါးကြမ်းခင်း ပလပ်စတစ်အကြည်မိုးကာ ကားထားသည့် ကြက်ခြံ(ကြက်မရှိ)အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မိတ္ထီလာ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့်တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ် (၃)စီး အမှတ်(၃)ပင်မ အလုပ်ရုံ (လျှပ်/စက်)မှ တပ်ကြပ်ကြီး ကိုကိုနိုင်နှင့်အဖွဲ့အပါအဝင် ကျေးရွာသူ/ကျေးရွာသားများက ဝိုင်းဝန်းငြိမ်းသတ် ခဲ့ရာ ၁၂နာရီ ၂ဝမိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။

ထိုသို့ မီးလောင်မှုကြောင့် ခန့်မှန်းတန်ဖိုး (၃၇၀၀၀၀)ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် သေကြေပျက်စီးမှု မရှိကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးအားပေါ့ဆစွာ အသုံးပြုသူ လင််းလင်းအား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ် ဖြူသန္တာထွန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မိတ္ထီလာမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၂၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly