ဝန်ကြီးသုံးပါးနုတ်ထွက်ရခြင်းကိုရှင်းပြရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို အရပ်ဖက်အဖွဲ့အစည်များက မေးခွန်းထုတ်

ဝန်ကြီးသုံးပါးနုတ်ထွက်ရခြင်းကိုရှင်းပြရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို အရပ်ဖက်အဖွဲ့အစည်များက မေးခွန်းထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။           ။ ကချင်ပြည်နယ်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး နုတ်ထွက်ရခြင်းနှင့် ဝန်ကြီးတစ်ဦးကို ထုတ်ပယ်ခဲ့ခြင်းအပေါ် ပြည်သူလူထုကို ပွင့်လင်း မြင်သာစွာရှင်းပြပေးရန် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အား ကချင်အရပ်ဖက်အဖွဲ့အစည်းများက မေးခွန်းထုတ် တောင်းဆိုလိုက်သည်။

 ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သို့ လိပ်မူကာ ဇန်နဝါရီ ၂၁ ရက်နေ့ ရက်စွဲဖြင့် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတဆိုင်ရာများကို လုပ်ဆောင်နေသောကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း များက စာရေးသားပေးပို့လိုက်ခြင်းဖြစ်သည်။

 ထုတ်ပယ်ခံရသည့် ဦးHလအောင်သည် ပြည်နယ်အတွင်း သဘာဝသံယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ ရပ်များတွင် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဝန်ကြီးချုပ်ထံပေးပို့စာအရ သိရသည်။

 အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ အသနားခံစာပေးပို့ခဲ့သည့်အပြင် ယခုတောင်းဆိုမေးမြန်းချက်များ ပေးပို့သည့်တိုင်အောင် အကြောင်းပြန်လာခြင်းမျိုး မရှိသဖြင့် နိုင်ငံတော်သမ္မတရုံးအထိ စာပေးပို့ တောင်းဆို သွားရန်ရှိနေကြောင်းလည်း ကချင်အရပ်ဖက်အဖွဲ့တစ်ခုဖြစ်သည့် Kachin Women Union မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်ခေါန်နန် ကပြောသည်။

 “ အခုထုတ်ပယ်ရတဲ့ လူကြီး ၃ ယောက်ကိုလည်း ပွင့်လင်းမြင်သာရှိအောင်၊ ပြည်သူလူထုတွေသိအောင်၊ သက်ဆိုင်ရာ ဌာနပိုင်းဆိုင်ရာ သိအောင် ချပြသင့်တယ်လို့ ကျွန်မတို့ကထပ်ပြီး စာပေးပို့သွားမှာဖြစ်ပါတယ်” ဟု၄င်းကဆိုသည်။

 ထို့ကြောင့် ဝန်ကြီး ဦးHလအောင်ကို မည်သည့်အကြောင်းအရင်းကြောင့် နုတ်ထွက်စေလိုသည်နှင့် တွေ့ရှိ သည့်အပြစ်၊ စပ်လျဉ်းသည့် အကြောင်းအရာများကို ဝန်ကြီးချုပ်မှ ပွင့်လင်းမြင်သာစွာရှင်းပြရန်လည်း ရေးသား ပြောဆိုထားသည်။

 ထုတ်ပယ်ခံရသည့် ပြည်နယ်ဝန်ကြီးမှာ ကချင်ပြည်နယ် သယံဇာတနှင့် ပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်နှင့် နုတ်ထွက်ခွင့်ပြုခံရသည့်ဝန်ကြီး နှစ်ဦးမှာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်တို့ဖြစ်သည်။

 ၄င်းတို့ ၃ ဦးကို ဇန်နဝါရီ ၂၁ ရက်နေ့ ညပိုင်းက နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ အမိန့်ဖြင့် ထုတ်ပယ်ကြောင်းနှင့် နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးမှထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

 အဆိုပါဖြစ်စဉ်ကြောင့် ပြည်သူလူထုအနေဖြင့် အစိုးရအပေါ်ယုံကြည်မှုပျက်ပြားစေကြောင်းနှင့် လွန်စွာ အံ့သြထိတ်လန့်မိကြောင်းလည်း ကချင်ကရပ်ဖက်အဖွဲ့ ၃၅ ခုခန့်၏ ဝန်ကြီးချုပ်ထံ ပူးတွဲပေးပို့စာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly