ပြည်သူများနှင့်မကြာခဏ ဒူးတိုက်တွေ့ဆုံရန် စစ်ကိုင်းအစိုးရကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

By သူရိယထက်၊ဘုန်းနိုင်ဖြိုး
22 January 2019
ပြည်သူများနှင့်မကြာခဏ ဒူးတိုက်တွေ့ဆုံရန် စစ်ကိုင်းအစိုးရကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဓာတ်ပုံ - Myanmar State Counsellor Office

ကလေး၊ ဇန်နဝါရီ - ၂၂ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်နှင့်တိုင်းအတွင်း ပြည်သူများနှင့်မကြာခဏ ဒူးတိုက် တွေ့ဆုံမှုများပြုလုပ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

 ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ကလေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သော ကလေးမြို့လူထုနှင့် တွေ့ဆုံပွဲ၌ အမေးအဖြေကဏ္ဍများ ပါဝင်ခဲ့ပြီး ဒေသခံများ၏ မေးခွန်းများကို အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ပြန်လည် ဖြေကြားပေးနေစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 
"ကိုယ့်ရဲ့ပြည်နယ်တိုင်းထဲက ပြည်သူလူထုနဲ့ မကြာခဏတွေ့ဆုံပွဲတွေလုပ်ပါ။ ဝန်ကြီးတိုင်း ဝန်ကြီးတိုင်းမှာ တာဝန်ရှိပါတယ်၊ကိုယ့်ရဲ့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ပြည်သူလူထုနဲ့ မကြာခဏ နယ်လှည့်ပြီး ဆွေးနွေးပါ။ ဒူးတိုက်ဆွေးနွေးပွဲတွေလုပ်ပါ။ ဒူးတိုက်ဆွေးနွေးပွဲတွေဆို ဘယ်တော့မှ စိတ်မဝင်စားဘူး။ ဒူးမတိုက်ဘဲနဲ့ ကုလားထိုင်ပေါ်ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ ဆွေးနွေး တယ်ဆိုရင်လည်း ဆွေးနွေးပါ။ဆွေးနွေးပြီးတော့မှာ ပြည်သူတွေကို ရှင်းပြပါ။ ခက်ခက်ခဲခဲ ရှင်းပြရမယ့်ဟာတွေ လည်းမဟုတ်ပါဘူး။” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

 ပြည်သူပြည်သားများအနေနှင့် ပြည်နယ်တိုင်းအစိုးရကို မိသားစုလိုသဘောထား၍ လိုအပ်ချက်များကို တောင်းဆိုပြီး မလိုအပ်တာများကိုလည်း မတောင်းဆိုဘဲ ဆွေးနွေးစရာများကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကာ အဖြေရှာသင့်သည်ဟု အကြံပြုပြောဆိုမှုများလည်း ဒေါ်အောင်ဆန်းစုကြည်က ပြုလုပ်ခဲ့သည်။

 အဆိုပါတွေ့ဆုံပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စစ်ကိုင်း တိုင်းဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား/ ကျောင်းသူ များ တက်ရောက်ခဲ့ကြသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly