နိုင်ငံတွင်းရှိ ဗင်နီဇွဲလားလူမျိုးများ ပြစ်မှုကျူးလွန်ထားခြင်းရှိမရှိ ပြန်လည်စစ်ဆေးမည်ဟု အီကွေဒေါသမ္မတဆို

နိုင်ငံတွင်းရှိ ဗင်နီဇွဲလားလူမျိုးများ ပြစ်မှုကျူးလွန်ထားခြင်းရှိမရှိ ပြန်လည်စစ်ဆေးမည်ဟု အီကွေဒေါသမ္မတဆို

ဇန်နဝါရီ ၂၂ ။              ။ နိုင်ငံတွင်း ဝင်ရောက်နေထိုင်လျက်ရှိတဲ့ ဗင်နီဇွဲလားလူမျိုးတွေအပါအဝင် ထပ်မံဝင်ရောက်လာဖို့ရှိတဲ့ ဗင်နီဇွဲလားလူမျိုးတွေအကုန်လုံးကို ပြစ်မှုကျူးလွန်ထားခြင်း ရှိမရှိ သေချာစစ်ဆေးပြီးမှ နိုင်ငံတွင်းဝင်ရောက်နေထိုင်ခွင့်ပြုမှာဖြစ်ကြောင်း အီကွေဒေါအာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ (ဇန်နဝါရီလ၊ ၁၉ ရက်) ညနေပိုင်းက အီကွေဒေါနိုင်ငံ၊ အီဘာရာမြို့မှာ အီကွေဒေါအမျိုးသမီးတစ်ဦးကို ဗင်နီဇွဲလားအမျိုးသားတစ်ဦးက ဓားနဲ့ ထိုးသတ်ခဲ့တဲ့အတွက် အီကွေဒေါသမ္မတက ယခုလို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်ရှိ ကိုယ်ဝန်ဆောင် အီကွေဒေါအမျိုးသမီး ဒိုင်ယာနာ ကယ်ရီလိုင်းနားကို ၎င်းရဲ့ရည်းစားဖြစ်သူ ရော်ဒီရာဖယ်လ်က စနေနေ့ညနေပိုင်းမှာ ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ ရော်ဒီရာဖယ်လ်ကိုတော့ ရဲအရာရှိတွေက ဖမ်းဆီးထားလိုက်ပြီဖြစ်ပါတယ်။

ယင်းကဲ့သို့ သတ်ဖြတ်နေတာကို မျက်မြင်သက်သေတွေက ဗွီဒီယိုရိုက်ထားခဲ့ပြီး အဆိုပါဗွီဒီယိုကို အင်တာနက်ပေါ် တင်လိုက်တဲ့အခါ အီကွေဒေါသမ္မတက ယခုလို ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါအပြင် အီကွေဒေါဒေသခံတွေဟာလည်း နိုင်ငံတွင်းနေထိုင်လျက်ရှိတဲ့ ဗင်နီဇွဲလားလူမျိုးတွေရဲ့ နေအိမ်ကို ဝင်ရောက်ပြီး ပစ္စည်းတွေကို ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

“အီကွေဒေါမှာ နေနေတဲ့ ဗင်နီဇွဲလားလူမျိုးတွေအကုန်လုံး၊ ဒီမှာအလုပ်လုပ်နေတဲ့ ဗင်နီဇွဲလားလူမျိုးတွေအကုန်လုံး၊ ဒီမှာ နေချင်တယ်ဆိုတဲ့ ဗင်နီဇွဲလားလူမျိုးတွေအကုန်လုံးကို ပြစ်မှုကျူးလွန်ထားခြင်း ရှိမရှိ သေချာပြန်စစ်ဆေးပြီးမှ နေထိုင်ခွင့်ပေးမှာဖြစ်ပါတယ်။ သူတို့ကို ဒီမှာခိုလှုံခွင့်ပေးတာဟာ ပြည်သူတွေကို ဒုက္ခပေးဖို့မဟုတ်ဘူး။” လို့ အီကွေဒေါသမ္မတ Lenín Moreno က ၎င်းရဲ့ Twitter စာမျက်နှာမှာ ကြေညာထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ အီကွေဒေါနိုင်ငံတွင်း ဝင်ရောက်ခိုလှုံတဲ့ ဗင်နီဇွဲလားလူမျိုးအယောက် ၁.၃ သန်းရှိကြောင်း သိရှိရပါတယ်။

ဗင်နီဇွဲလားလူမျိုးတွေဟာ နိုင်ငံတွင်းစီးပွားရေးအခြေအနေကျပ်တည်းမှုကြောင့် အီကွေဒေါနဲ့ အခြားတောင်အမေရိကနိုင်ငံတွေမှာ ဝင်ရောက်ခိုလှုံနေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly