မိုးကုတ်မြို့နယ်တွင် ကျပ်သိန်းနှစ်ထောင်လေးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မိုးကုတ်မြို့နယ်တွင် ကျပ်သိန်းနှစ်ထောင်လေးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ဓာတ်ပုံ- CCDAC Myanmar

ရန်ကုန်၊ဇန်နဝါရီ ၂၂ ။         ။ မိုးကုတ်မြို့နယ်၌ ဇန်နဝါရီ ၂၁ရက်နေ့တွင် ငွေကျပ် သိန်း၂၄၉၈ တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ် ဆေးပြားများ၊ ခတ်ခူးများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် ထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များသည် လယ်ကြီးတံတားရဲကင်းမှ တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့်ပူးပေါင်း၍ သက်သေများနှင့် အတူ မိုးကုတ်မြို့နယ်၊ လယ်ကြီးတံတား ရဲကင်းအနီးတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မိုင်းလုံဘက်မှ မိုးကုတ်ဘက်သို့ မူဆယ် မြို့နယ်၊ နမ့်အွမ်ကျေးရွာတွင်နေထိုင်သော အသက် ၄၂ နှစ်အရွယ် ဘရန်ဆိုင်း မောင်းနှင်ပြီး နောင်ချိုမြို့နယ်၊ ရေဝင်ကျေးရွာတွင် နေထိုင်သော အသက်၂၄ နှစ်အရွယ်  မာဒွဲ(ခ)ဇော်ဒွဲ လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ စစ်ဆေးရာမှ မော်တော်ယာဉ်တွင် အံဝှက်များပြုလုပ် သိုဝှက်သယ်ဆောင်လာသော ရောင်စုံဆပ်ပြာခွက် ၂၄၉ ခွက်ဖြင့်ထည့်ထားသည့် ဒေသကာလပေါက်စျေး ငွေကျပ် ၂၄၉၀ သိန်းတန်ဖိုးရှိ  ဘိန်းဖြူအလေးချိန် ၂.၄၉ ကီလို၊ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့်ထည့်ထားသည့် ဒေသကာလပေါက်စျေး ငွေကျပ် ၈.၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀ ပြား၊ ကြွတ်ကြွတ်အိတ်ဖြင့် ထုပ်ထားသည် ဒေသကာလပေါက်စျေးငွေ ၁၆၀၀၀ ကျပ်တန်ဖိုးရှိ ခတ်ခူးအလေးချိန် ၁၆ ဂရမ်၊  လက်ကိုင်ဖုန်း ၃ လုံးနှင့် မြန်မာငွေကျပ် ၄.၀၅ သိန်း တို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်လာသူများကို  မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များကို ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly