ကာမလိမ်လည်မှုဖြင့် တရားစွဲခံရသော ဝေဠုကျော် ကျပ်သိန်း ၅ဝ ဖြင့် အချုပ်လွတ်အာမခံရ

ကာမလိမ်လည်မှုဖြင့် တရားစွဲခံရသော ဝေဠုကျော် ကျပ်သိန်း ၅ဝ ဖြင့် အချုပ်လွတ်အာမခံရ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇန်နဝါရီလ ၂၂ ။            ။ ကာမလိမ်လည်မှုဖြင့် တရားစွဲခံထားရသူ သရုပ်ဆောင်ဝေဠုကျော်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ တရားသူကြီးက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျပ်သိန်း ၅ဝ ခံဝန်သူနှစ်ဦးဖြင့် အချုပ်လွတ်အာမခံ ပေးလိုက်သည်။

ဝေဠုကျော်ကို ယခင်က ချစ်သူရည်စားဖြစ်ဖူးခဲ့သော အလှမယ်သင်းသင်းက ကာမလိမ်လည် ရယူ ခဲ့သည်ဟု ဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၁၇ (ကာမလိမ်လည်မှု)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဝေဠုကျော်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ ပထမဆုံးလာရောက် အစစ်ဆေး ခံယူခဲ့ခြင်းဖြစ်သည်။

“ ကျပ်သိန်း ၅ဝတန် ခံဝန်သူနှစ်ယောက်နဲ့ အာမခံခွင့်ပြုတယ်။ ဒါ ဥပဒေအရကိုက ပေးကိုပေးရမယ့် အမှုဖြစ်တဲ့အတွက် ပေးတာက တရားရုံးရဲ့ မှန်ကန်မှုတစ်ခုပဲ”ဟု တရားလိုဖြစ်သူ အလှမယ်သင်းသင်းဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အလှမယ် သင်းသင်းအနေဖြင့် ယင်းအမှုနှင့်ပတ်သက်ပြီး ဥပဒေအရ နစ်နာခြင်းဖြစ်သည့်အတွက် ဥပဒေအဆုံး အဖြတ်အတိုင်း ဆက်လက်သွားမည်ဟု တရားခွင်မှ အထွက်တွင် မီဒီယာများ၏မေးမြန်းမှုကို ဖြေဆိုခဲ့ပြီး လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာ၌ ၎င်းအပေါ် ဝေဖန်ပြောဆိုမှုများရှိနေသည့်အပေါ် ဖြေရှင်းသွားမည်မဟုတ် ကြောင်း ပြောဆိုခဲ့သည်။

“ လူမှုကွန်ရက်ဟာက ကိုယ်တစ်ဦးတည်းမဟုတ်ဘူးလေ။ အဲ့ဒီအတွက် ဒီကိစ္စကတော့ ဖြေရှင်းစရာ မလိုဘူးလို့တော့ ထင်ပါတယ်။ အဲ့ဒီအတွက် ဖြေရှင်းဖို့လည်း ခေါင်းထဲမရှိပါဘူး။ လူမှုရေးအရ စော်ကား ခံရတာကတော့ ကြုံနေရပါတယ်။ တောက်လျှောက်ကို ကြုံနေပါတယ်။ အဲ့ဒါကတော့ ဖြေရှင်းစရာကိစ္စ မဟုတ်တဲ့အတွက်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လူကိုယ်တိုင်ထွက်ပြတာမဟုတ်ဘူးလေ။ ဖေ့စ်ဘုတ်ဆိုတဲ့ လောကကြီးက ခံစားလို့ရတဲ့ အရာမဟုတ်ဘူး။ အဲ့ဒါကို လိုက်ခံစားသွားရင် သေသွားလိမ့်မယ် ”ဟု အလှမယ် သင်းသင်းက ပြောသည်။

ထိုသို့ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံရသဖြင့် လူသိရှင်ကြားဖြစ်ရသည့်အတွက် ဂုဏ်သိက္ခာပိုင်းထိခိုက်မှု အနည်းငယ်ရှိကြောင်း စွပ်စွဲခံရသူ သရုပ်ဆောင်ဝေဠုကျော်က တရားခွင်မှ အထွက်တွင်ပြောသွားခဲ့သည်။

“ ဒါက လူလောကကြီးမှာ ရှိနေတဲ့ ဖြစ်စဉ်တွေပါပဲ။ အဲ့ဒီထဲမှာမှ ဂုဏ်သိက္ခာဆိုတာက ယောင်္ကျားနဲ့ မိန်းမ၊ ဖိုနဲ့မ ဒါတွေက ရှိတတ်ကြပါတယ်။ ဒါက လူတိုင်းတော်တော်များများမှာရှိတဲ့ ကိစ္စတွေပါပဲ။ ဒါပေမယ့် ကျွန်တော် အတွက်တော့ လူသိရှင်ကြားဖြစ်ရတဲ့အတွက်တော့ ရှိတာပေါ့နော်။ အထွေအထူးတော့ ကျွန်တော်အတွက် ဂုဏ်သိက္ခာပျက်စရာမရှိပါဘူး”ဟု သရုပ်ဆောင် ဝေဠုကျော်က ပြောသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံံ့နှံ့နေသည့် အလှမယ်သင်းသင်း၏ အင်တာဗျူးဗီဒီယိုဖိုင်များအရ ဝေဠုကျော်အား ယခုကဲ့သို့ တရားစွဲဆိုရခြင်းမှာ သူ့အပေါ်အကြောင်းပြချက်မရှိဘဲ ချစ်သူရည်းစားအဖြစ်မှ ဖြတ်ခဲ့ပြီး သူ၏ မာန၊ ဂုဏ်သိက္ခာအား ထိခိုက်စေခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

အလှမယ်သင်းသင်းက သရုပ်ဆောင်ဝေဠုကျော်အား ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၁၇ (ကာမလိမ်လည်မှု)ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဝေဠုကျော်အား အာမခံပေးခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး အမှုစစ်ဆေးရန်အတွက် သင်္ဃန်းကျွန်းမြို့နယ်တရားသူကြီးက လာမည့် ဖေဖော်ဝါ ရီလ ၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly