“၂၀၀၈ ခြေဥ အလုပ်မဖြစ် အမြန်ဆုံးဖယ်ရှားပစ်”ဆိုသည့် စာတမ်းပါသည့် စတေကာ ကမ်ပိန်းပြုလုပ်

“၂၀၀၈ ခြေဥ အလုပ်မဖြစ် အမြန်ဆုံးဖယ်ရှားပစ်”ဆိုသည့် စာတမ်းပါသည့် စတေကာ ကမ်ပိန်းပြုလုပ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဇန်နဝါရီ ၂၂ ။             ။ “၂၀၀၈ ခြေဥ အလုပ်မဖြစ် အမြန်ဆုံးဖယ်ရှားပစ်”ဆိုသည့် စာတမ်းပါသည့် စတေကာများကို မန္တလေးမြို့ရှိ လူစည်ကားရာနေရာ တစ်ချို့တွင် လိုက်လံကပ်သည့် လှုပ်ရှားမှုတစ်ခုကို လူငယ်တစ်ချို့ကဦးဆောင်ပြု လုပ်လျက်ရှိသည်။

အဆိုပါလှုပ်ရှားမှုကို ဇန်နဝါရီလ ၁၁ ရက်၊ညပိုင်းမှစတင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့ နေရာအနှံ့ တွင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့်လုပ်ဆောင်သွားမည်ဟု လှုပ်ရှားမှု ဦးဆောင်သူများထဲက တစ်ဦးဖြစ်သော ကိုသဲနှစ်အောင်က ပြောသည်။

"၂၀၀၈ ခြေဥကြီးက ပြင်မှကို ဖြစ်မယ်။ဒါတွေက လက်ရှိပြည်သူ့အစိုးရ ပြည်သူတင်မြောက်ထားတဲ့ အစိုးရကလည်း ဒါကို ပြင်မယ်လို့ပြောထားတယ်။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြင်ဖို့လုပ်ပါမယ်။ပြင်ပါမယ်ပြောထားတယ်။သမ္မတကြီးကိုယ်တိုင်ကလည်း ပြင်ဖို့ ပြောထားတယ်။အဲလိုပြောထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ပြည်သူတွေ အနေနဲ့လည်း အဲဒါကို ထောက်ခံတဲ့ အနေနဲ့ဒါမျိုးပြင်သင့်တာကို ထောက်ခံတယ်ဆိုတာကို အားလုံးသိအောင်လို့ လိုက်ပြီးတော့ စတေကာ ကမ်ပိန်းအနေနဲ့လိုက်လုပ်တာပေါ့။"ဟု ကိုသဲနှစ်အောင်ကပြောသည်။

မန္တလေးမြို့ လှုပ်ရှားမှုပြီးပါက နေပြည်တော်နှင့်ရမည်းသင်းမြို့တို့တွင်လည်း ဆက်လက်လုပ်ဆောင် သွားမည်ဟုသိရပြီး ယခုလှုပ်ရှားမှုပြုလုပ်ရာတွင် ပြည်သူတစ်ချို့မှာ စိုးရိမ်ကာ အကပ်မခံမှုများရှိသလို ဝန်ထမ်းတစ်ချို့မှလည်း စိုးရိမ်မှုများကြောင့် အကပ်မခံမှုများနှင့်လည်း ကြုံတွေ့နေရသည်ဟု ကိုသဲနှစ်အောင် ကဆိုသည်။

"တချို့က အခြေခံဥပဒေ ပြင်ဖို့ပဲဖြစ်ဖြစ် ခြေဥနဲ့ပတ်သက်ရင် ကြောက်ကြတာများတယ်။ တချို့ ပြည်သူတွေက ဆိုရင် ဟာ ဒါကြီးမကပ်ပါနဲ့ ငါတို့ကားမှာ ငါတို့ဆိုင်ကယ်မှာ မကပ်ပါနဲ့ အဲလိုကိုပြောတယ်။ငါတို့ အဲဒါကြီးတွေ မပတ်သက်ရဲဘူး။ခြေဥကို ပြည်သူကကြောက်နေကြတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ အခု ကျွန်တော်တို့ သွားကပ်တဲ့ ဓါတ်တိုင်တွေနဲ့တချို့ ယာဉ်ထိန်းရုံးလေးတွေပေါ့။လမ်းဆုံ မီးပွိုင့်က ယာဉ်ထိန်း ရုံးလေးတွေပေါ့။တချို့ ယာဉ်ထိန်းဆရာကြီး အစ်ကိုကြီးတွေကပေါ့ မလုပ်ပါနဲ့ကွာ။ အလုပ်ပြုတ်ပါဦးမယ်ကွာလို့ ပြောတာတွေရှိတယ်။ဝန်ထမ်းတွေ အစိုးရဝန်းထမ်းပဲခေါ်ခေါ် ပြည်သူ့ဝန်ထမ်းပဲဆိုဆို သူတို့ကလည်း ဒီခြေဥကို ကြောက်နေသလို ပြည်သူတချို့ကလည်း ကြောက်နေကြတုန်းပဲ။ခုချိန်ထိ။"ဟု ကိုသဲနှစ်အောင်က ဆက်ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ ပြည်သူများအနေဖြင့် ဥပဒေ၏ ကောင်းကျိုး၊ဆိုးကျိုးများ သိရှိလာအောင်အထိ လုပ်ဆောင်သွားမှာလည်းဖြစ်သည်ဟု ကိုသဲနှစ်အောင် ကဆိုသည်။

"အကုန်လုံးကို သိစေချင်တယ်။အကုန်လုံးကို သတိထားမိစေချင်တယ်။"ဟု ကိုသဲနှစ်အောင်ကပြောသည်။

အဆိုပါ ကမ်ပိန်းအား တစ်နိုင်ငံလုံး သိရှိစေရန်အတွက် လူမှုကွန်ယက်စာမျက်နှာကို အသုံးပြုသွားမည်ဟု သိရပြီး ယခုကဲ့သို့ လက်တွေ့ လှုပ်ရှားမှုများလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

လတ်တလောတွင် ချမ်းအေးသာစံ၊အောင်မြေသာစံနှင့်မဟာအောင်မြေမြို့နယ်တွင် စတေကာများ ကပ်နေ သော်လည်း ကပ်ထားသည့် စတေကာများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က လိုက်လံ ခွာနေလျက်ရှိသည်။ ထိုသို့ ကပ်နေသည်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့် မြို့နယ် ရဲတပ်ဖွဲ့များက တစ်စုံတရာ တုံ့ပြန် ပြောဆိုမှုမရှိသေးသလို သတင်းထုတ်ပြန်ပေးခြင်းလည်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly