လင်းယုန်စီမံချက်ဖြင့် ဆောင်ရွက်နေသော်လည်း လူသေဆုံးမှု လျော့ကျသွားခြင်း မရှိသေး

လင်းယုန်စီမံချက်ဖြင့် ဆောင်ရွက်နေသော်လည်း လူသေဆုံးမှု လျော့ကျသွားခြင်း မရှိသေး

မော်လမြိုင် ၊ ဇန်နဝါရီ ၊ ၂၂ ။           ။ ယာဉ်အန္တရာယ်လျော့ကျစေရေးအတွက် လင်းယုန်စီမံချက် ဆောင်ရွက်ခဲ့သော်လည်း လတ်တလောတွင် လူ သေဆုံးနှုန်း ကျသွားခြင်း မရှိသေးကြောင်း မွန်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောဆိုခဲ့သည်။

“ စီမံချက် မစတင်မီ တစ်ပတ်နဲ့ စတင်ပြီး တစ်ပတ်ကို နှိုင်းယှဉ်ကြည့်လျှင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ဦးရေက အနည်းငယ်လျော့ကျခဲ့ပေမယ့်၊ သေဆုံးမှုနှုန်းက လျော့ကျခဲ့ခြင်း မရှိကြောင်းကို တွေ့ရှိရတယ်” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်က မွန်ပြည်နယ်အစိုးရရုံး အောင်ဆန်းခန်းမတွင် ကျင်းပသည့် လင်းယုန်စီမံချက်နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဓိကက ယာဉ်အန္တရာယ်ကင်းရှင်းပြီး လူ့အသက်သေဆုံးမှု လျော့ကျစေဖို့ဖြစ်တယ်။ စီမံချက်ဆိုတာကလည်း သူ့ကာလနဲ့ သူရှိတယ်။ စီမံချက် ၆ ရက်တာကာလမှာ ယာဉ်လမ်းအသုံးပြုသူ ၃၉၀၀ ဦးကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ အသိပညာပေးဆောင်ရွက်မှုလည်း ၃၂ ကြိမ်လောက် ဆောင်ရွက်ထားပါတယ်။” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ မလိုက်နာသော စည်းကမ်းမဲ့ယာဉ်များကို လင်းယုန်စီမံချက်ဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့ မှစတင်ကာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်လုံးတွင် ရက် ၁၀၀ စီမံချက်ဖြင့်  ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုသို့ဆောင်ရွက်မှုသည် ပြည်သူလူထု၏ ကိုယ်လက် အင်္ဂါအသက်အန္တရာယ်များ မဆုံးရှုံးစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း ပြောသည်။

“ဒီလို စီမံချက်မျိုးကို ၂၀၁၈ ခုနှစ်ကတည်းက အကြိမ်များစွာ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်စဉ်ခဏမှာပဲ လိုက်နာကြပြီးတော့ စီမံချက်ပြီးသွားရင် ပုံမှန်အတိုင်းပဲ ဦးထုတ်မဆောင်းတာတွေကို တွေ့နေရတယ်။ အဲဒါတွေ ကြောင့် တစ်နှစ်နဲ့ တစ်နှစ် အသက်ဆုံးရှုံးမှု လျော့ကျသွားခြင်းမရှိတာကို တွေ့ရတယ်။” ဟု ဒေါက်တာ အေးဇံ က ပြောသည်။

လင်းယုန်စီမံချက် စတင်ခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ စည်းကမ်းမဲ့ယာဉ်များကို အရေးယူခဲ့ရာ မော်တော်ယာဉ် ၂၀၉ စီး၊ ဘေးတွဲဆိုင်ကယ် ၂၇ စီး၊ မော်တော်ဆိုင်ကယ် ၂၃၅၂ စီး၊ သုံးဘီးဆိုင်ကယ် ၇၈ စီး နှင့် ထော်လာဂျီ ၄ စီးတို့ကို အရေးယူခဲ့ကြောင်း သိရသည်။

ထို့ပြင် စည်းကမ်းဖောက်ဖျက်သည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ မည်သည့်ယာဉ်ကိုမဆို ခွဲခြားချက်မရှိ ဖမ်းဆီးသွားမည်ဖြစ်ကြောင်လည်း သိရသည်။

လက်ရှိ မွန်ပြည်နယ်တွင် ယာဉ်အန္တရာယ်ကြောင့် နှစ်စဉ်သေဆုံးသူ ၃၅၀ ဦးနှင့် ၄၀၀ ဦး ကြားရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly