ချင်းဂျပ်ခုတ်ထည်ကို ရိုးရာလည်းမပျက်၊ စီးပွားလည်းဖြစ်အောင် ပြုလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

By သူရိယထက်၊ဘုန်းနိုင်ဖြိုး
22 January 2019
ချင်းဂျပ်ခုတ်ထည်ကို ရိုးရာလည်းမပျက်၊ စီးပွားလည်းဖြစ်အောင် ပြုလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဓာတ်ပုံ - Myanmar State Counsellor Office

ကလေး၊ဇန်နဝါရီ - ၂၁ ။           ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံခြားသားများ အကြိုက်များသည့် ချင်းရိုးရာ ဂျပ်ခုတ်ထည်လုပ်ငန်းကို လုပ်ကိုင်ကြသူများ အနေဖြင့် ရိုးရာလည်းမပျက်၊ စီပွားလည်းဖြစ်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောကြားလိုက်သည်။

ချင်းပြည်နယ် ဖလမ်းမြို့တွင် ဇန်နဝါရီလ ၂၁ ရက်နေ့၌ပြုလုပ်ခဲ့သည့် မြို့လူထုတွေ့ဆုံပွဲတွင် တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်သည်။

"အခုခေတ်မှာဆိုရင် သိုးမွှေးလေးနည်းနည်း ထည့်ရက် လည်းဖြစ်နိုင်တယ်။ လုံးဝသိုးမွှေးမဟုတ်ရင်တောင် သဘာဝချည်တွေနဲ့ ချင်းစောင်လုပ်ငန်းတွေကို ပြန်ပြီး အားပေးချင်တယ်။နောက်ပြီးတော့ ချင်းတိုင်းရင်းသား ဝတ်စုံတွေက အင်မတန်မှလှတယ်။ အင်မတန်မှလည်းစုံတယ်။ ရိုးရာဝတ်စုံတွေ မပျောက်သွားအောင်လို့ ရိုးရာ ရက်ထည်တွေကို ပိုပြီးတော့ အားပေးစေချင်တယ်။ အထူးသဖြင့် တောင်ပိုင်းချင်းမှာဆိုရင် ရိုးရာအဆင်တွေကို သဘာဝချည်တွေနဲ့ရက်ပြီး စီးပွားရေးလုပ်တာ အတိုင်းတာတစ်ခုအထိ အောင်မြင်တယ်။ စျေးကတော့ ကြီးတယ်။ စျေးကြီးပေမယ့် သူရဲ့လက်ရာကောင်းလို့၊ တန်တာကြောင့် ရောင်းရတယ်လို့ထင်ပါတယ် " ဟု အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဆိုသည်။

ယင်းလုပ်ငန်း အောင်မြင်ဖို့အတွက် အစိုးရနှင့် ပြည်နယ်အစိုးရဘက်ကလည်း ကူညီသင့်ကြောင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံစေလိုကြောင်း ရိုးရာဂျက်ခုတ်ထည် ရက်လုပ်သည့် အခါတွင် သဘာဝချည်များဖြင့် ရက်ရန်အရေးကြီးပြီး စျေးကြီးကြီးနှင့် ရိုးရာအထည်များကို  ရောင်းချချင်သည် ဆိုပါက သဘာဝချည်ဖြင့် ပြုလုပ်ရန် ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

" စျေးကြီးကြီးပေးပြီးတော့ ဝယ်မယ့်သူတွေ ရှာရခက်ပါလိမ့်မယ်။နောက်တစ်ခု သတိထားမိတာကတော့ ချင်းအမျိုးသမီးတွေရဲ့ ဝတ်စုံက တော်တော်လေးတယ်။ တော်တော်လေးတယ် ဆိုတော့ ချင်းအမျိုးသမီးတွေက အားသာမယ်လို့ထင်တယ်။ ချင်း အမျိုးသမီးတွေ တော်တော်ကျန်းမာခိုင်မာလို့ အဝတ်အစားတွေကို နှစ်ပေါင်း များစွာ ရိုးရာအရ ဝတ်ခဲ့နိုင်တာပဲလို့ သဘောပေါက်ပါတယ် "ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောသည်။

ချင်းပြည်နယ် ခရီးစဉ်တလျောက် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇို၊ ဟားခါး၊ဖလမ်း၊လူရိုင်း၊ဖလမ်း၊ထာဒို စသည့် ချင်းတိုင်းရားသား ဝတ်စုံများကို ဝတ်ဆင်ခဲ့သည်။

" ချင်းဝတ်စုံက အခုနောက်ပိုင်း တော်တော်လေး လူသိများကြပါတယ် အောက်ပိုင်းဘက်က လူကြိုက်ကျတယ် ဒါပေမဲ့ Export အဆင့်အထိတော့ မရောက်သေးဘူး။ဂျက်ခုတ်ထည် အစစ်တွေက ပွဲလမ်းသဘင်တွေရှိမှပဲ ဝတ်တာများကြတာ။ လက်နဲ့ လုပ်တာနဲ့ စက်နဲ့လုပ်တာလဲကွာတယ်။ စက်နဲ့လုပ်တာက အထည်ကို သေသပ်စေတယ်။ အချိန်သက်သာတယ်။ ဒါပေမယ့် လက်မှုပညာနဲ့ကို တန်ဖိုးထားတဲ့ သူအနေနဲ့တော့ ဂျက်ခုတ်ထည်က ကောင်းပါတယ်” ဟု ချင်းရိုးရာဝတ်စုံ ရောင်းချသူတစ်ဦးမှ မဇ္ဈိမသို့ ပြောသည်။

 ချင်းချည်အစစ်ဖြင့် ပြုလုပ်ထားသည့် ချင်းရိုးရာ ဝတ်စုံတစ်စုံလျှင် ငွေကျပ် တစ်သိန်းကျော်မှ သုံးသိန်း ဝန်းကျင်အထိရှိပြီး အထည်အမျိုးအစားပေါ်မှုတည်၍ ငွေကျပ် တစ်သောင်းမှ သုံးသော်ကျော်တန် ဝတ်စုံများက စျေးကွက်တွင် အများဆုံးရောင်းချရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly