လျှပ်စစ်မီး မရရှိသေးသည့်ဒေသများ မီးရရှိရေးအတွက် မီတာခများ တိုးမြှင့်ကောက်ခံမည်

လျှပ်စစ်မီး မရရှိသေးသည့်ဒေသများ မီးရရှိရေးအတွက် မီတာခများ တိုးမြှင့်ကောက်ခံမည်

နေပြည်တော်၊ ဇန်နဝါရီလ ၂၁ ။            ။ လျှပ်စစ်မီး မရရှိသေးသည့် ပြည်သူများထံသို့  မီးရရှိနိုင်ရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိုက်သင့်သည့် ဓါတ်အားခ နှုန်းထားတစ်ရပ်ကို မီးသုံးစွဲခွင့်ရနေသည့် ပြည်သူများ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များထံမှ တိုးမြှင့်ကောက်ခံရန် ပြင်ဆင်နေသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

၃ နှစ်တာကာလအတွင်းတွင်  အိမ်တိုင်းရှိ မီတာဘောက်များမှ မီးသုံးစွဲသည့်ယူနစ် အချက်အလက်များ ကောက်ယူကာ လေ့လာစိစစ်တွက်ချက်နေပြီး ၊ စီးပွားရေးပိုင်ဆိုင်မှု အနေအထားများကိုပါ ထည့်သွင်းတွက်ချက်ပြီးမှ တစ်အိမ်ချင်းစီအလိုက် တိုးမြှင့်ကောက်ခံမှု တူညီမည်မဟုတ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

၄င်းက ယနေ့ ဇန်နဝါရီလ ၂၁ ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွင်း လာရောက်ဖြေကြားပြီး ပြန်လည်ထွက်ခွာချိန်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကောင်းအောင် ဆောင်ရွက်လိုတဲ့အချိန်မှာ လူတွေရဲ့ အခြေအနေကိုလည်း အရမ်းကြီး စိုးရိမ်စရာကောင်းလောက်အောင် တက်သွားတဲ့ပုံစံမျိုး ၊ တအားကြီးလည်း မဖြစ်ရလေအောင် ၊ အချို့ဆိုရင် ထိခိုက်မှု လုံးဝ မရှိရလေအောင်၊ အချို့ဆိုရင်တော့ နည်းနည်းတော့ ချိန်းသွားရမယ်ဆိုတဲ့ ဟာလေးတွေကို ဆီလျော်တဲ့စနစ်ဖြစ်အောင် ကျွန်တော်တို့က တောက်လျှောက် Analysis လုပ်တယ်။ Review လုပ်ကြတယ်။ သုံးသပ်ကြတယ်။ မျိုးစုံတွက်ချက်တယ်။ တွက်ချက်တဲ့အခါမှာ သိပ်ပြီးတော့ ခုနကလိုပြောရင် ခန့်မှန်းတွက်ချက်လိုက်တဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ ကျွန်တော်တို့အရမ်းတွေ အမြတ်တွေ များသွားတယ်ဆိုတဲ့ အဖြေတွေထွက်လာတယ်ဆိုတဲ့ ဟာမျိုးဆိုရင်  ကျွန်တေ်ာတို့ မကျင့်သုံးဘူး”ဟု ၄င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးသုံးစွဲခွင့်ရရှိသော ပြည်သူသည် ၄၃.၆ရာခိုင်နှုန်းခန့်၊ မရသေးသောပြည်သူသည်  ၅၆ ရာခိုင်နှုန်းခန့် ရှိပြီး  မီတာခနှုန်းထားပြောင်းလဲကောက်ခံရမည့်အချိန်ကို လက်ရှိတွင် ဖြေဆိုနိုင်ခြင်း မရှိသေးကြောင်းနှင့် ပြောင်းလဲမည့်ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆-၁ရခုနှစ်တွင်  မဂ္ဂါဝပ် ၃၀၀ ကျော်၊၂၀၁၇ -၁၈ ခုနှစ်တွင် မဂ္ဂါဝပ် ​၄၀၀ ကျော်တိုးသုံးနေရသည့်အတွက် ၄၀၀ ခန့် တိုးသုံးလျှင် အဆိုပါ နှစ်အတွက် ၄င်းပမာဏနှင့်ညီမျှသည့်စက်ရုံကို တည်ဆောက်လို့မရဘဲ ၅၅၀ မဂ္ဂါဝပ်ခန့်အထိ ရှိသည့် စက်ရုံတည်ဆောက်ရန် လိုအပ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

၄၀၀ မဂ္ဂါဝပ်ရှိသည့် စက်ရုံတစ်ရုံ၏ တည်ဆောက်မှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ကျပ်သန်း ၆၀၀( မြန်မာငွေ ၉၀၀ ဘီလီယံခန့် အထိ) ရှိပြီး၊ လျှပ်စစ်မီးပေးမှုမှ တစ်နှစ်လျှင် ကျခံနေရသည့်အရှုံးသည် မြန်မာငွေကျပ် ဘီလီယံ ၅၀၀ ခန့် အရှုံးခံနေရကြောင်း သိရသည်။

ထိုအရှုံးများကြောင့် မီးမရရှိသေးသည့် ဒေသများသို့ ချဲ့ထွင်ပေးနိုင်ရန် မလုပ်နိုင်သေးကြောင်းသိရသည်။

“ဒီ့အတွက်ကြောင့် ဒီ အရှုံးခံရတဲ့ပမာဏကြီးသည် လျော့နည်းသက်သာသွားခဲ့ရင် ကျွန်တော်တို့ ကျန်နေသောပြည်သူတွေကို မီးပေးနိုင်ဖို့ရာ လိုအပ်တဲ့လိုင်းတွေ ၊ ခွဲရုံတွေ တည်ဆောက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်တာပေါ့။ နိုင်ငံတော်ကနေပြီးတော့ အခု ပမာဏအပြင်ကို နောက်လုပ်ငန်းတွေလုပ်နိုင်ဖို့ နောက်ထပ် ကြီးမားတဲ့ ပမာဏကြီးတစ်ရပ်ကို ထတောင်းရတဲ့ အနေအထားကို ကျွန်တော်တို့ ရှောင်နိုင်တာပေါ့။ အဲ့တော့ ကျွန်တော်တို့ လက်ရှိ မီးရတဲ့လူတွေက အနေအထားကတော့မှန်တာပေါ့။ ဒီအနေအတိုင်းလေး နေတာပိုကောင်းတာပေါ့လို့ တွေးကြမှာပေါ့။ ဒါပေမယ့် ဒီလို မီးမရသေးတဲ့လူတွေရယ်။တကယ့် စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက်လာမှလည်း ဒီတိုင်းသူပြည်သားတွေရဲ့ဝင်ငွေ ဝင်လမ်းနဲ့  Job Opportunity တွေနဲ့ အစိုးရရမယ့် Tax တွေနဲ့ တိုင်းပြည်ကလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့နေရာကို ရောက်မှာပေါ့”ဟု ၄င်းကပြောကြားသည်။

တစ်နှစ်နှင့်တစ်နှစ် လျှပ်စစ်မီး သုံးစွဲမှုသည် ပိုမိုများပြားလာသည့် အတွက် မဂ္ဂါဝပ် ၇၀၀ ထိ ထုတ်လုပ်နိုင်သည့် စက်ရုံလိုအပ်လာသောကြောင့် ယခုကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းမရှိပါက နောင်တွင် လျှပ်စစ်မီး ပျက်မှုကို ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်ဟု လျှပ်စစ်ဒုဝန်ကြီးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly