လအပြည့်ကြတ်မှုဖြစ်စဉ်မှာ အနီရောင်လွှမ်းတဲ့ လပြည့်ဝန်းကြီးကို ကမ္ဘာ့ဒေသအချို့မှာ မြင်တွေ့ရ

လအပြည့်ကြတ်မှုဖြစ်စဉ်မှာ အနီရောင်လွှမ်းတဲ့ လပြည့်ဝန်းကြီးကို ကမ္ဘာ့ဒေသအချို့မှာ မြင်တွေ့ရ

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ။               ။ ဥရောပ၊ အာဖရိကနဲ့ အမေရိကတို့မှာ တနင်္ဂနွေညနဲ့ တနင်္လာနေ့ အစပိုင်းလေးမှာ ကောင်းကင်ယံမှာ ကြုံတောင့်ကြံခဲ ဖြစ်စဉ်တစ်ခုကို မြင်တွေ့ကြရပါတယ်။

 ဒါကတော့ လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်ပြီးနောက်မှာ လပြည့်ဝန်းဟာ သွေးရောင်ကဲ့သို့ အနီရောင် ပြောင်းသွားမှု ဖြစ်စဉ်ကို မြင်တွေ့ ကြုံကြိုက်ကြရတာပဲ ဖြစ်ပါတယ်။

 အမေရိကမှာ ညလယ်ဝန်းကျင်မှာ မြင်တွေ့ရပြီး ဥရောပနဲ့ အာဖရိကတို့မှာ အရုဏ်မတက်ခင် အချိန်လေးမှာ မြင်တွေ့ရတဲ့ အနီရောင် လအပြည့်ကြတ်မှုကို မက္ကှဆီကို၊ လော့စ်အိန်ဂျလိစ်နဲ့ ပါရီက လမ်းတွေမှာ လကြည့်တဲ့သူတွေဟာ ရှားပါးလအပြည့်ကြတ်ပြီး အနီရောင် လပြည့်ဝန်းကြီး ဖြစ်ပေါ်မှုကို စောင့်ကြည့်ခဲ့ကြပါတယ်။

 အခု လကြတ်မှုဖြစ်စဉ်ဟာ အချိန် သုံးနာရီခန့် ကြာမြင့်ခဲ့ပါတယ်။ ပမထနာရီမှာ လဟာ အပြည့် သာလာပြီး တစ်ဖြည်းဖြည်းချင်း ကမ္ဘာရဲ့ အရိပ် လွှမ်းခြုံလာတာ ဖြစ်ပါတယ်။ ကမ္ဘာအရိပ် လုံးဝလွှမ်းခြုံပြီးနောက်မှာတော့ လကို မမြင်ရတာ ဖြစ်ရမယ့်အစား အနီရောင်သန်းလာတာကို မြင်ရပါတယ်။ ဒီနောက် လိမ္မော်ရောင်နဲ့ ပန်းရောင်သို့ တစ်ဖြည်းဖြည်း အရောင်ပြောင်းပြီးနောက်မှာ နောက်ဆုံး အပြည့်အဝ ပြန်လည်ထွန်းလင်းပြီး တောက်ပစွာ လပြည့်ဝန်းကြီး သာတာကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။

 အဲဒီ လပြည့်ဝန်းကြီးဟာ ပုံမှန်မြင်နေကျထက် အရွယ်အစား ပိုမိုကြီးမားတဲ့ လပြည့်ဝန်းကြီးအဖြစ် မြင်ရတာပါ။ ကမ္ဘာကို ပတ်ရင်း အနီးကပ်ဆုံးရောက်လာပြီး မိုင် ၂၂၂၀၀၀ ခန့်ထိ ရောက်လာတာကြောင့် ခုလို ပိုမိုဝိုင်းစက်ပြည့်ဝန်းတဲ့ လပြည့်ဝန်းကြီးကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ ဒီလို လပြည့်ဝန်းမျိုးကို စူပါလအဖြစ် ခေါ်ကြပါတယ်။

 အခု လကြတ်တဲ့ ဖြစ်စဉ်ဟာ ဇန်နဝါရီလအတွင်း ဖြစ်ပွားတာမို့ ရက်အင်ဒီယန်းတွေရဲ့ ရိုးရာအစဉ်အလာအရ ဝံပုလွေလလို့ ခေါ်တာကို အစွဲပြုပြီးလည်း ဝံပုလွေ လပြည့်ဝန်းလို့ ခေါ်ကြပါတယ်။

 နေရဲ့ ရောင်စဉ်တွေဟာ ကမ္ဘာ့လေထုကြားခံပြီး တစ်ဖက်ခြမ်းက အမှောင်ရိပ် ဖုံးခံရတဲ့ လပေါ် ဖြာကျရာမှာ မြင်နိုင်စွမ်း ပိုပြီးအားကောင်းတဲ့ အနီရောင်ကိုပဲ မြင်ရတာကြောင့် ခုလို အနီရောင်လွှမ်းတဲ့ လပြည့်ဝန်းကြီးအဖြစ် မြင်တွေ့ရတာကို သွေးရောင်လွှမ်းတဲ့ လပြည့်ဝန်းလို့လည်း ခေါ်ဝေါ်နေကြပါတယ်။

 ဒီဖြစ်စဉ်သုံးခုကို ပေါင်းပြီး အခုဖြစ်ပေါ်တဲ့ လအပြည့်ကြတ်မှုကို သွေးရောင်လွှမ်း ဝံပုလွေ လပြည့်ဝန်းဆိုပြီး ခေါ်ဝေါ်နေကြလျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly